အထွေထွေထိုးစစ်အတွက်ပြင်ဆင်နေကြောင်း NUGကာကွယ်ရေး ထုတ်ပြန်

အထွေထွေထိုးစစ်အတွက်ပြင်ဆင်နေကြောင်း NUGကာကွယ်ရေး ထုတ်ပြန်
■PDFတပ်မတော် အဓိကကြုံတွေ့နေရသည့် စိန်ခေါ်မှု (၇)ချက်ရှိဟုအသိ​ပေး
စက်တင်ဘာ−၇၊ ၂၀၂၅။ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွင် အတွေ့အကြုံကောင်းများနှင့် အားသာချက်များဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသတိုင်းတွင်ဟန်ချက်ညီစစ်ဆင်ရန် ပြင်ဆင်နေပြီး အဓိက ကြုံနေရသည့် စိန်ခေါ်မှု (၇)ချက်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာ ၇ရက်တွင် ကျရောက်သည့် ပြည်သူ့ခုခံတွန်းလှန်စစ် (၄)နှစ်ပြည့်တွင် ဝန်ကြီးဌာနက အစီရင်ခံစာထုတ်ပြန်ရာ PDF အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ အကူအညီနှင့် စစ်ရေးပူပေါင်းဆောင်ရွက်မှုများ ရရှိခြင်း၊ ဒေသအလိုက် ပူးတွဲကွပ်ကွဲမှု တည်ဆောက်ထားနိုင်ခြင်း၊တနိုင်ငံလုံးအတိုင်းအတာ တပ်တည်ဆောက် တပ်ဖြန့် တိုက်ပွဲဝင်နိုင်စွမ်းရှိခြင်း၊ နယ်မြေနှင့် မဟာဗျူဟာ အမြောက်အများ စိုးမိုးထိန်းချုပ်ထားနိုင်ခြင်း စသည့် အားသာချက်များ ရှိသကဲ့သို့ အဓိက ကြုံနေရသည့် စိန်ခေါ်ချက်များ၊ ရန်သူ စစ်ကောင်စီ၏ စစ်ရေးဗျူဟာ၊ အထွေထွေထိုးစစ်အတွက် ပြင်ဆင်မှုနှင့် ခုခံစစ် ၄နှစ်ပြည့်သန္နိဌာန်တို့ကို ကဏ္ဍအလိုက်ဖော်ပြခဲ့သည်။
PDF တပ်မတော် ကြုံနေရသည့် စိန်ခေါ်ချက်များမှာ လက်နက်ကိုယ်စီ တပ်ဆင်မှု မပြုနိုင်သေးခြင်း၊ ခဲယမ်းမီးကျောက် အားနည်းခြင်း၊ ရိက္ခာအပါအဝင် အခြေခံလိုအပ်ချက်များအတွက် ပိုမိုထောက်ပံ့ရန်လိုအပ်ခြင်း၊ စံကိုက်လေ့ကျင့်မှု နှင့် သင်တန်းများ လိုအပ်ခြင်း၊ တိုက်စွမ်းရည် မြှင့်တင်ရန်လိုအပ်ခြင်း၊အိမ်နီးချင်းနှင့် နိုင်ငံကြီးတချို့က မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် ဒုက္ခအပေါ် လျစ်လျူရှုလျက် အာဏာသိမ်းစစ်အုပ်စုအား ရုပ်ပိုင်း၊ စိတ်ပိုင်း ရပ်တည်ထောက်ပံ့အားပေးနေခြင်း၊ မဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် စစ်ဆင်ရေးအဆင့် (Operational level) ထပ်ပိုသော မဟာဗျူဟာအဆင့် (Strategic Level) ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်လိုအပ်ခြင်းနှင့် စစ်ဘေးသင့် ပြည်သူများအား ထောက်ပံ့စောင့်ရှောက်နိုင်ရေးအတွက် သီးခြားရန်ပုံငွေ အစီအစဉ်တရပ် ထားရှိရန် လိုအပ်ခြင်း တို့ ဖြစ်သည်ဟု ဖော်ပြသည်။
ရန်သူစစ်ကောင်စီ၏ စစ်ရေးဗျူဟာ ကို လည်း ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့ရာ စစ်ကောင်စီသည် ပြည်သူ့စစ်မဟာဗျူဟာကို အကြမ်းဖက်စစ်အုပ်စုက ကျင့်သုံးသည်ဟု ပြောဆိုလေ့ရှိသော်လည်း လက်တွေ့တွင် ပြည်သူ့စစ်မဟာဗျူဟာ၏ အနှစ်သာရ နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သော စစ်ဗျူဟာကို ကျင့်သုံးနေခြင်းသာ ဖြစ်ကြောင်း ဖော်ပြကာ စစ်ကောင်စီ၏ လူငယ်များကို အဓမ္မစစ်သားစုဆောင်းပြီး စစ်အာဏာအတွက် အသက်ပေါင်းများစွာစတေးခြင်း၊ တော်လှန်ရေးအား မထောက်ခံ၊ မရပ်တည်ရဲအောင် ပြည်သူများကို နေ့စဉ်နှင့်အမျှ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ပြုလုပ်နေမှုကို အသိပေးသည်။
အကြမ်းဖက်စစ်တပ်သည် အဓမ္မစစ်သားစုဆောင်းမှုဖြင့် အရေအတွက်အင်အား ပြန်လည်ဖြည့်တင်းလာနိုင်ခြင်း၊ ဒရုန်းသုံးစွဲလာနိုင်ခြင်း၊ အိမ်နီးချင်းနိုင်ငံကြီး၏ မျက်နှာသာပေးမှုကို ရရှိခြင်း တို့ကို အကြောင်းပြု၍ စစ်မျက်နှာတချို့တွင် ၎င်း၏ အင်အားကို စုစည်းပြီး တန်ပြန်ထိုးစစ် အစီအမံများ ဆောင်ရွက်လာသည်ကို တွေ့ရဟုလည်း ဖော်ပြသည်။
၎င်းတို့၏ တန်ပြန်ထိုးစစ်များမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မြို့များ၊ စခန်းများနှင့် မြေပြန့်ဒေသရှိ မဟာဗျူဟာလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ဦးတည်လျက်ရှိသော်လည်း ရန်သူ့ထိုးစစ်သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် အကန့်အသတ်မဲ့စစ်ဆင်နိုင်ခြင်း မဟုတ်ဘဲ နေရာကွက်ပြီး အကန့်အသတ်နှင့်သာ တန်ပြန်ထိုးစစ်ဆင်နေခြင်းဖြစ်ဟု ဖော်ပြသည်။
အရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်မှုသည်လည်း တနှစ်ထက်တနှစ် တိုးလာနေကြောင်း ဖော်ကြာ စစ်ကောင်စီ၏ လေကြောင်းအပါအဝင် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ ၁၃၀၀၀ ကျော် သေဆုံးကာ ၁၇၀၀၀ နီးပါး ဒဏ်ရာရပြီး ပြည်သူ ၅သောင်းနီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဟု အသိပေးသည်။
အကြမ်းဖက်စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူ့အိုးအိမ်အရေအတွက်မှာ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ တိုင်းဒေသ (၆) ခု အတွင်း မြို့နယ် (၇၇) ခု ရှိ ကျေးရွာ (၂၇၇၅) ရွာတွင် စုစုပေါင်း အိမ်ခြေ(၁၃၀,၀၀၀) ကျော် ရှိပြီဖြစ်ဟု ထုတ်ပြန်သည်။
“ပြည်သူအပေါ်အကြမ်းဖက်မှုသည်ပင်လျှင် စစ်အုပ်စု၏ အဓိက စစ်ရေးဗျူဟာ ဖြစ်သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထို့ပြင် အထွေထွေထိုးစစ်ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ အသိပေးခဲ့ရာ တော်လှန်ရေး၏ အရေးကြီးအလှည့်အပြောင်းအားဖန်တီးနိုင်ရေး ကာကွယ်ရေးဝန်ကြီးဌာနက တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသတိုင်းတွင်ဟန်ချက်ညီစစ်ဆင်ရန် ပြင်ဆင်နေဟု ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို နေရာအနှံ့ တပ်ဖြန့်တည်ဆောက် ထားနိုင်ခြင်း နှင့် ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကလည်း မရပ်မနား တိုက်ပွဲဝင်နေခြင်းသည် အဆိုပါ အလှည့်အပြောင်းအားဖန်တီးရန် အခြေအနေပေးမှုနှင့် အခင်းအကျင်းများ ရရှိထားခြင်းဖြစ်ဟု ဆိုသည်။
“တနိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ် ဆင်နွှဲနိုင်ရန်အတွက် မိမိတပ်ကို ပြင်ဆင်ခြင်း၊ ဘဏ္ဍာရန်ပုံငွေပြင်ဆင်ခြင်း၊ ခဲယမ်းမီးကျောက် ဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံသည်။
အထူးသဖြင့် ယခုအချိန်တွင် တပ်တည်ဆောက်ရေးကို အထူးအားစိုက်ဆောင်ရွက် နေကြောင်း၊ တော်လှန်ရေးအစပြုစဉ်က အချိန်တိုအတွင်း လေ့ကျင့်စုဖွဲ့တပ်ဆင်၍ ချက်ချင်း တိုက်ပွဲဝင်ခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ယခုအခါ တပ်ပုံစံကျလေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှုအဆင့်ဆင့် တာဝန်ပေးအပ်မှုတို့ကို ဆောင်ရွက်ရင်း တဖက်တွင် ဘဏ္ဍာရန်ပုံငွေနှင့် စစ်လက်နက်ပစ္စည်းစုစည်းမှုကို အားပြုလုပ်ဆောင်နေကြောင်း အသိပေးသည်။
စစ်အုပ်စုသည် စစ်တပ်ဗိုလ်ကျကြီးစိုးရေးဝါဒကို လက်ကိုင်ပြုလျက် နိုင်ငံတော် အာဏာကို တရားမဝင်သိမ်းပိုက်ထားပြီးနောက် ပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ အကြမ်းဖက် သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်း နှင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရပ်ရပ်ကို နင်းချေဖျက်ဆီးလျက် အလုံးစုံပျက်သုဉ်းရေး ဦးတည်နေခြင်းကြောင့် ပြည်သူများက နိုင်ငံတော်၏ရန်သူ (Enemy of the State) ဟု သတ်မှတ်ထားပြီးဖြစ်ဟု ဆိုသည်။
“ အကြမ်းဖက် စစ်ခေါင်းဆောင်များသည် မျိုးချစ်စိတ်အမှန်ရှိသူများ မဟုတ်ဘဲ စစ်ဝါဒ ကြီးစိုးခွင့်သာ ရမည်ဆိုလျှင် တိုင်းတပါးကျွန်ခံရန် ဝန်မလေးသူများဖြစ်သည်” ဟု အစီရင်ခံစာ၌ ဖော်ပြသည်။
စစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက်ရက်စက်မှုများကြောင့် တော်လှန်ရေးတွင် ပြည်သူ့ပါဝင်မှု နောက်ဆုတ်လျော့ကျသွားမည် မဟုတ်ဘဲ လူထု၏ တော်လှန်စိတ်ဓါတ်ကို ပို၍ ထက်သန်စေမည်ဖြစ်ကြောင်းလည်း အသိပေးသည်။
အကျိုးစီးပွားတစ်ဘို့တည်းသာသိသော နိုင်ငံအချို့က စစ်အုပ်စုဘက်မှ ပြောင်ပြောင်တင်းတင်း ရပ်တည်ထောက်ခံလာချိန်တွင် ပြည်သူ့တော်လှန်ရေး အင်အားစုများ အနေဖြင့် ယခင်ထက် နှစ်ဆတိုး ကြိုးစား တိုက်ပွဲဝင်ကြရမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပေါ် အိမ်နီးချင်းနိုင်ငံ၏ ဖိအားပေးမှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှုများကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထိုးစစ်များ တွန့်ဆုတ်ရပ်တန့် နေချိန်ကို အခွင့်ကောင်းယူလျက် လက်တလောအခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက ဒေသတချို့တွင် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာသည်ကို တော်လှန်ရေးအင်အားစုများ အနေဖြင့် ပျောက်ကြားစစ်၊ လှုပ်ရှားစစ်၊ နေရာယူစစ် သင့်လျော်သော စစ်နည်းဗျူဟာကို သုံး၍ စစ်ပရိယာယ် ကြွယ်ဝစွာဖြင့် တုံ့ပြန်ချေမှုန်း သွားကြမည်သာ ဖြစ်ကြောင်းလည်း အသိပေးသည်။
ယခုနှစ်ကုန်တွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပရန်ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲ (Scam Election) သည် အာဏာသိမ်းအဖွဲ့ထံမှ အာဏာကို စစ်အုပ်စု၏ ကိုယ်ပွားအမာခံဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထံ အမည်ခံလွှဲပြောင်းပေးခြင်းအားဖြင့် နိုင်ငံရေးထွက်ပေါက်နှင့် တရားဝင်မှုရှာဖွေရန် ကြိုးပမ်းမှုသည် အရာထင်လိမ့်မည်မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများကို ပိုမိုစုစည်းညီညွတ်စေလျက် ပိုမိုပြင်းထန်သော ပြည်သူ့ခုခံတွန်းလှန်စစ်ဖြင့် တုံ့ပြန်ရန် တွန်းအားဖြစ်စေလိမ့်မည်ဟုလည်း သတိပေးသည်။
စနစ်ပြောင်းတော်လှန်ရေးတရပ် ဆင်နွှဲရာတွင် အခက်အခဲပေါင်းများစွာ ရင်ဆိုင် ကြုံတွေ့ရမည်ဟု မျှော်လင့်ပြီးဖြစ်သည့်အားလျော်စွာ အဆိုပါအခက်အခဲများကို မိမိတို့၏ ဉာဏ်ပညာ၊ လုံ့လဝီရိယအားပြုလျက် ဖြေရှင်းကျော်လွှားသွားကြရမည်ဟု ဖော်ပြသည်။
အထူးသဖြင့် တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုနှင့် ဦးဆောင်မှုကို မြှင့်တင်လျက် ရှင်းလင်းတိကျသော တော်လှန်ရေးလမ်းစဉ်ဖြင့် “အကြမ်းဖက်စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာ့စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံးသတ်ရန်” ဟူသော ဦးတည်ချက်ကို မျက်ခြေပြတ်မခံဘဲ ကြံ့ကြံ့ခံသော ဇွဲသတ္တိဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မဟာမိတ်စစ်မျက်နှာ တခုချင်းတွင်လည်းကောင်း တနိုင်ငံလုံးအတိုင်းအတာဖြင့်လည်းကောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ကျောချင်းကပ်လျက် တော်လှန်ရေးပန်းတိုင် မရောက်မချင်း ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အသီး
သီးမှ ရဲဘော်များအား တွေ့ရစဉ်။
ဓာတ်ပုံ −NUG-MOD)