Non-CDM ဝန်ထမ်းအချက်အလက် ပေါက်ကြားပြီးနောက် စစ်ကော်မရှင် အချက်အလက်လုံခြုံရေး တင်းကျပ်

Non-CDM ဝန်ထမ်းအချက်အလက် ပေါက်ကြားပြီးနောက် စစ်ကော်မရှင် အချက်အလက်လုံခြုံရေး တင်းကျပ်
001
(မဇ္ဈိမ) ။ ။ Non-CDM ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ဇူလိုင်လ တတိယပတ်အတွင်း လူမှုကွန်ရက်ပေါ်ပေါက်ကြားခဲ့ပြီးနောက် စစ်ကော်မရှင် လက်အောက်ခံ ဝန်ကြီးဌာနများတွင် အချက်အလက်လုံခြုံရေးကို တင်း ကျပ်စွာ ဆောင်ရွက်ခဲ့ကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။
အချက်အလက်များ ပေါက်ကြားပြီးနောက်ပိုင်း ရုံးကွန်ပျူတာများတွင် စကားဝှက် (Password) များ သတ်မှတ်ခဲ့ပြီး၊ ကွန်ပျူတာအသုံးပြုသူ ဝန်ထမ်းများအနေဖြင့်လည်း အချက်အလက်ပေါက်ကြားပါက အရေးယူခံရမည်ဖြစ် ကြောင်း လက်မှတ်ရေးထိုးထားရသည်ဟု နေပြည်တော်ရှိ ဝန်ထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။
“အဲ့ဒီစာရင်းက တော်တော်တော့ ဂယက်ရိုက်သွားတယ်။ ဝန်ကြီးဌာနတွေအကုန်လုံးကို ခေါ်ပြီး လက်မှတ်၊ ခံဝန်တွေပါထိုးရတာတဲ့”ဟု ၎င်းက ဆိုသည်။
စစ်ကော်မရှင် လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များနှင့် ရုံးတွင်းလျှို့ဝှက်စာများသည် ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာများတွင် စတင်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ပျံ့နှံ့မှုနှင့် ပတ်သက်၍ စစ်ကော်မရှင်နှင့် ၎င်း၏ လော်ဘီများက နှုတ်ဆိတ်နေခဲ့ကြသော်လည်း ဝန်ကြီးဌာနများတွင် လုံခြုံရေးတင်းကျပ်မှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပေါက်ကြားခဲ့သည့် အချက်အလက်များတွင် ရာထူးများ၊ နာမည်များ၊ ဌာနများအပြင် ဝန်ထမ်းများ၏ နေရပ်လိပ်စာများပါ အသေးစိတ်ပါဝင်ခဲ့ရာ ဝန်ထမ်းများအကြား လုံခြုံမှုမရှိသလို ခံစားခဲ့ရကြောင်း အဆိုပါ ဝန်ထမ်းက ထပ် လောင်းပြောကြားခဲ့သည်။
“လုံခြုံမှုမရှိသလို ခံစားရတာပေါ့”ဟု အဆိုပါ ဝန်ထမ်းက ပြောသည်။
အချက်အလက်ပေါက်ကြားမှုများ ဖြစ်ပွားပြီးနောက် ဇူလိုင်လကုန်ပိုင်းတွင် စစ်ကော်မရှင်က ဆိုက်ဘာအရင်း အမြစ်၊ အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အအုံများနှင့် အီလက်ထရောနစ်သတင်းအချက် အလက်များအား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန် ရည်ရွယ်သည်ဟုဆိုသော ဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း အသက်သွင်းခဲ့သည်။
လူမှုကွန်ရက်တွင် ပေါက်ကြားခဲ့သည့် အချက်အလက်များသည် ၂၇ ဂစ်ဂါဗိုက် (GB) ပမာဏရှိသည့် ဖိုင်ပေါင်း ၃၇,၇၀၁ ဖိုင် ပါဝင်ပြီး စစ်အုပ်စုဝန်ထမ်းပေါင်း ၁၀၀,၀၀၀ ကျော်၏ ကိုယ်ရေးအချက်အလက်များ ပါဝင်ခဲ့သည်။
အဆိုပါ အချက်အလက်များသည် ဟက်ကာများ၏ ဖောက်ထွင်းမှုကြောင့် စစ်ကော်မရှင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝန်ထမ်းရေးရာဦးစီးဌာနအောက်ရှိ Database ဌာနစိတ်မှ ပေါက်ကြားသွားခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်တခုက မဇ္ဈိမကို ပြောကြားခဲ့သည်။
စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ – စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာဝန်များကိုတွေ့ရစဉ်။ (MOI)
#Non_CDMဝန်ထမ်း
#အချက်အလက်ပေါက်ကြား
#စစ်ကော်မရှင်
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
————————————————————————