မိုးကုတ်က စစ်ရှောင်တွေကို စစ်အုပ်စုက စစ်ကိုင်းတံတားမှာ ပိတ်ဆို့ဖမ်းဆီးကာ ပေါ်တာဆွဲ၊ ပါသမျှ ရွှေ၊ငွေ မိုက်ကြေးခွဲ လုယူနေ၊

မိုးကုတ်က စစ်ရှောင်တွေကို စစ်အုပ်စုက စစ်ကိုင်းတံတားမှာ ပိတ်ဆို့ဖမ်းဆီးကာ ပေါ်တာဆွဲ၊ ပါသမျှ ရွှေ၊ငွေ မိုက်ကြေးခွဲ လုယူနေ၊
ထင်လင်း/MFP၊ စက်တင်ဘာ – ၄

မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်အုပ်စုက ဗုံးကြဲသတ်လို့ တစ်လအတွင်း လူ ၄၀ ကျော် သေဆုံးပြီးနောက် မြို့မှာ ဆက်မနေဝံ့ဘဲ မန္တလေးဘက် ထွက်ပြေးလာသူတွေကို စစ်အုပ်စုက စစ်ကိုင်းတံတားထိပ်မှာ ပိတ်ဆို့ဖမ်းဆီးကာ အမျိုးသားတွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းပြီး အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေကို လက်နက်ပြ မိုက်ကြေးခွဲ လုယက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်း မိုးကုတ်မြို့ခံ ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ လူနေရပ်ကွက်တွေထဲကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ကလေးသူကယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေ အပါအဝင် မြို့ခံပြည်သူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းရန်ကြောင့် မိုးကုတ်မြို့မှာ မနေရဲတော့ဘဲ မန္တလေးဘက် ထွက်ပြေးလာသူတွေကို စစ်အုပ်စုက စစ်ကိုင်းတံတားမှာ ပိတ်ဆို့ဖမ်းဆီးပြီးနောက် ပေါ်တာဆွဲ၊ လက်နက်ပြ မိုက်ကြေးခွဲ လုယက်နေတာလို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
စစ်ကိုင်းတံတားထိပ်ရှိ စစ်အုပ်စု ဂိတ်တွေက မိုးကုတ်ကနေ ရွှေ့ပြောင်းလာတဲ့ ပြည်သူတွေကို အဓိက ပစ်မှတ်ထားကာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးတာ၊ ပါလာသမျှရွှေငွေ လက်နက်ပြ မိုက်ကြေးခွဲ လုယက်တာအပြင် ရွေးကောက်ပွဲ မဲပေးဖို့ပါ အတင်းအကြပ် ခြိမ်းခြောက်ခိုင်းစေတယ်လို့ မိုးကုတ်မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
“လောလောဆယ်တော့ ကျနော်တို့ အသိ သုံးယောက်လောက်ကတော့ ပေါ်တာဆွဲခံရတယ်၊ သုံးယောက်ကတော့ သေချာတယ်၊ စစ်ကိုင်းတံတားပေါ်မှာ စစ်မှုထမ်းဖို့ ဆွဲတာ၊ နှစ်ယောက်ကတော့ လုံးဝ မလွတ်ဘူး၊ တစ်ယောက်ကတော့ သူတို့ သိန်း၆၀ တောင်းတာ၊သိန်း ၄၀ နဲ့ နောက်ဆုံး ညှိပြီးတော့ ရွေးရတယ်ပြောတယ်၊ပေးရတဲ့ကောင်ရဲ့ အဖေအမေက စစ်မှုထမ်းဟောင်းမို့လို့”
စစ်ဘေးရှောင်တွေ အနေနဲ့ လာမယ့် ခြောက်လအတွင်း နေရာရွှေ့ပြောင်းတာတွေ မပြုလုပ်ဖို့၊ စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ အတင်းအကြပ်ပြောဆို ခြိမ်းခြောက်တာတွေရှိနေတယ်လို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။
“မိုးကုတ်ကနေ စစ်ရှောင်သွားတဲ့ ကားတွေကို စစ်ကိုင်းတံတားပေါ်မှာ ကားတိုင်းကိုတော့ မဟုတ်ဘူးပေါ့နော၊ ကြိုကြားကြိုကြားကို သူတို့က ကားတွေကို စစ်တယ်၊ စစ်ပြီးတော့ ပါတဲ့ အယောက်စီတိုင်းကို ဘယ်မှာ ငှါးနေမှာလဲ၊အိမ်ရှိလား ဘယ်မှာနေမှာလဲဆိုတာ သူတို့တောင်းတယ်၊ တောင်းပြီးရင် ခြောက်လအတွင်း ဘယ်မှ မသွားရဘူးဆိုတာနဲ့ မဲကို ပေးကိုပေးရပါမယ် ဆိုတဲ့ဟာကို ဒီကောင်တွေက ခြိမ်းခြောက်ပြောဆိုတယ်”လို့ မိုးကုတ်ဒေသခံက ပြောပါတယ်။
တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA ထိမ်းချုပ်ထားရာ မိုးကုတ်မြို့ကို စစ်အုပ်စုက အပြင်းအထန် ဗုံးကြဲနေတာကြောင့် ကိုယ်ဝန်ဆောင်၊ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုများပြားလာတာနဲ့အမျှ ကြောက်ရွံ့ထိတ်လန့်နေကြတဲ့ မိုးကုတ်မြို့ခံတချို့ဟာ လေကြောင်းရန် ကင်းလွတ်အောင် မန္တလေးမြို့န့ တခြားမြို့ရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။
စစ်ကိုင်းတံတား အပါအဝင် မန္တလေးမြို့အဝင်အထွက်တွေမှာ ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုက ခရီးသွားပြည်သူတွေကို ထင်တိုင်းကျဲ လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတာ ဖြစ်ပြီး ယခုလတွေအတွင်း တစ်ဂိတ်က ငွေညှစ်ကာ နောက်တစ်ဂိတ်က ရွေးကောက်ပွဲ မဲထည့်ဖို့ စည်းရုးတာတွေပါ လုပ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် မန္တလေး – မိုးကုတ် – သပိတ်ကျင်း – ထီးချိုင့် – ဗန်းမော် ကားလမ်းကို ပြည်သူတွေ သွားလာအသုံးပြုခွင့် မရဘဲ ပိတ်ဆို့နေတာ နှစ်နဲ့ချီ ကြာပြီ ဖြစ်ပြီး မိုးကုတ် အပါအဝင် မန္တလေးတိုင်း အထက်ပိုင်း မြို့၊ရွာတွေက ပြည်သူတွေ အနေနဲ့ စစ်ကိုင်းတံတားကို ဖြတ်ကာ မန္တလေးမြို့ဆီ လာရောက်နေရကာ စစ်အုပ်စုက စစ်ကိုင်းတံတားထိပ်တွေမှာ ဂိတ်တွေဖွင့်ပြီး ပေါ်တာဆွဲတာ၊ လက်နက်ပြ မိုက်ကြေးခွဲ လုယက်တာ၊ စိတ်ထင်တိုင်း ပစ်သတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
မန္တလေးကနေ စစ်ကိုင်းဘက် ကူးတဲ့ စစ်ကိုင်းတံတားမှာ ခရီးသွားတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စု/Photo – CJ