 
မြန်မာနိုင်ငံရှိ Online Shop များ ရဲစခန်းထောက်ခံစာယူရန် လိုလာ၊ အွန်လိုင်းစျေးရောင်းဝယ်မှုကို တစ်ရစ်ချင်းကျပ်လာ
28 Aug 2025 By Bala / MPA
မြန်မာနိုင်ငံအတွင်း အွန်လိုင်းအသုံးပြုပြီး စျေးရောင်းနေသည့် Online Shop များ လိုင်စင်တင်ရာတွင် ရဲစခန်းထောက်ခံစာယူနေရကြောင်း အွန်လိုင်းစျေးရောင်သူများနှင့် ရဲသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ Online Shop ရောင်းချနေသူများ လုပ်ငန်း မှတ်ပုံတင်ရန်အတွက် ပြစ်မှုကင်းရှင်းကြောင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ရဲစခန်းများတွင် ထောက်ခံစာယူနေရခြင်းလည်းဖြစ်သည်။
“ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်ကို ရဲစခန်းမှာ ထုတ်ရတဲ့သဘောပါ၊ နောက်ပြီး နိုင်ငံရေးပုဒ်မတို့၊ အကြမ်းဖက် ပုဒ်မတို့ ရှိမရှိ စခန်းမှာ စစ်ရတဲ့ သဘောမျိုးပါ” ဟု မန္တလေးမြို့ရှိ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
 ပြီးခဲ့သည့် ရက်ပိုင်းတွင် မန္တလေးမြို့တွင် Online Shop လုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသမီးနှစ်ဦးကို နိုင်ငံရေးပုဒ်များဖြင့် အမှုဖွင့်ထားသည်ဟုဆိပြီး စစ်တပ်က ဖမ်းဆီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
 အွန်လိုင်းမှ စျေးရောင်းချသူတိုင်းသည် Online Shoppping မှတ်ပုံတင် လျှောက်ထားရမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပြီး စစ်ကော်မရှင်အမည်ကို စတင်ပြောင်းလဲပြီးနောက် ပြည်ပသွင်းကုန်များအပြင် Online Shop များကို စိစစ်ဖမ်းဆီးမှုများ ပြုလုပ်လာခြင်းဖြစ်သည်။
“ရဲစခန်းမှာ ထောက်ခံချက်က အွန်လိုင်းရှော့လုပ်ဖို့ မှတ်ပုံတင်တဲ့အချိန်မှာလိုတယ်။ မှတ်ပုံတင်ထားမှ အလုပ်လုပ်လို့ရမယ် ဒါတောင် သူတို့သတ်မှတ်ထားတဲ့ ကုန်မျိုးတွေသာရောင်းချလို့ရတဲ့ အနေအထားပါ၊ ဒီရက်ထဲ သွင်းကုန်ပိတ်တာတွေ နယ်ကျော်တွေ ကန့်သတ်တာမျိုး လုပ်တော့ မှတ်ပုံတင်ထားတဲ့ အွန်လိုင်းရှော့တောင် ပိတ်ရမလိုဖြစ်နေပြီ ” ဟု Online Shop လုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။
အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် မည်သည့် ကုန်ပစ္စည်းမဆို မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံမတင်ထားပါက အရေးယူနိုင်သည့်အပြင် တားမြစ်၊ ကန့်သတ် သို့မဟုတ် ဥပဒေဖြင့် ငြိစွန်းသော ကုန်ပစ္စည်းများရောင်းချပါက မတရားဥပဒေများဖြင့် အရေးယူခံရနိုင်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် အမိန့်တွင် ဖော်ပြထားသည်။
 စစ်ကော်မရှင်သည် အွန်လိုင်းရှော့ပင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး ၎င်းတို့ သတ်မှတ်ချက်အတိုင်း လုပ်ကိုင်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ) အရ အရေးယူနိုင်ပြီး ယင်းပုဒ်မသည် အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ သုံးနှစ်ထိချမှတ်နိုင်သည့်အပြင် ငါးသိန်းထက်မပိုသောငွေဒဏ်လည်း ချမှတ်နိုင်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် Live Sale ဖြင့် အွန်လိုင်းအသုံးပြု စျေးရောင်းချမှုများ ပိုမိုခေတ်စားလာခဲ့သည်။
လက်ရှိတွင်လည်း စစ်ကော်မရှင်က စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော်နှင့် မန္တလေးတိုင်း-ပြင်ဦးလွင်မြို့နယ်တို့ကို  Delivery ဖြင့် ကုန်ပစ္စည်းတင်ပို့မှုများကို ကန့်သတ်ထားသည့်အတွက် Online Shop လုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲများစွာ ကြုံတွေ့နေရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-Online Shop ရောင်းချနေမှု
စာတည်း-ကိုဆန်း
#အွန်လိုင်းစျေးရောင်းဝယ်မှု #ရဲစခန်းထောက်ခံစာ #တစ်ရစ်ချင်းကျပ်လာ #MPA #Bala