တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်အရာရှိ ၂ ဦး အပါ အဝင် စစ်သား ၆ ဦးသေဆုံးပြီး အရာရှိနေအိမ်နှင့် ဘားတိုက် မီးလောင်(ရုပ်/သံ)

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်အရာရှိ ၂ ဦး အပါ အဝင် စစ်သား ၆ ဦးသေဆုံးပြီး အရာရှိနေအိမ်နှင့် ဘားတိုက် မီးလောင်(ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၂၈

ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် ၆ ဦး သေဆုံးပြီး အရာရှိနေအိမ်နှင့် ဘားတိုက်တို့ မီးလောင် ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာ ဆားခဲအဖွဲ့နှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့က အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို BWM Mission 45 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုအတွင်း ရှော့တိုက်ဒုံး ၄ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထို တိုက်ခိုက်မှု အတွင်း စစ်တပ် အရာရှိ ၂ ဦးနှင့် အခြားအဆင့်စစ်သည် ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ အရာရှိနေအိမ် ၁ လုံးနှင့် လူပျို ဘားတိုက်တစ်ခြမ်းတို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ထိခိုက်မှု အခြေအနေတွေက BWM အနေနဲ့ လက်လှမ်းမီသလောက် စုံစမ်းပြီး ရရှိလာထားတဲ့ သတင်းရင်းမြစ်များစွာထဲက တူညီနေတဲ့ အချက်အလက်တွေကို စိစစ်ရွေးထုတ်ပြီး စုဆောင်းတင်ပြထားတာပါ။ စစ်ခွေးတွေဘယ်မှာနေနေ မလုံခြုံစေရဘူးလို့ပဲ မှတ်ချက်ပြုချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ရှမ်းတောင်ရှိ တောင်လှန်ရေးအင်အားစုများကို နည်းမျိုးစုံဖြင့် နှိမ်နင်းနေသော စစ်တပ်၏ အားထားရသည့် စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်တပ်အနေဖြင့် မိမိ၏ စစ်တိုင်းစစ်ဌာနချုပ်ကိုပင် ကာကွယ်နိုင်စွမ်းမရှိသည့် အချက်ကိုလည်း ပေါ်လွင်စေကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ပြောဆိုသည်။