
သပိတ်ကျင်းမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၂၀
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BRAVE WARRIORS FOR MYANMAR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂ဝ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့်တွင် သပိတ်ကျဉ်း ၇ မိုင်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃) ကို Brave Warriors for Myanmar (BWM) ၏ ဦးဆောင်မှုဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၁ဝ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း ရှော့တိုက်ဒုံး ၉ လုံး ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
ထို တတက ၁၃ သည် မန္တလေးတိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်းရှိ စစ်သည်များက တပ်စိတ် တပ်စု တပ်ခွဲ များ ကို ဦးဆောင်၍ တိုက်ပွဲဝင်နိုင်စေရန် သင်ကြားပေးနေသော အရေးပါသည့် တိုက်ခိုက်ရေးသင်တန်းကျောင်းဖြစ်ပြီး သပိတ်ကျင်းနှင့် မိုးကုတ်ကို ထိုးစစ်ဆင်နေသော အကြမ်းဖက် စစ်တပ်၏ တပ်အထိုင်စခန်း ဖြစ်သောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း BRAVE WARRIORS FOR MYANMAR မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
တော်လှန်ရေးစစ်မျက်နှာ ပိုမိုပြင်းထန်လာချိန်တွင် BWM နှင့် မဟာမိတ်အဖွဲ့တို့သည် တရားမဝင်အဖွဲ့အစည်းဖြစ်သည့် စစ်ရှုံးကောင်စီက ဦးစီးကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းနှင့် နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန် ပြည်သူလူထုသည်လည်း တရားမဝင်ရွေးကောက်ပွဲကို အနုနည်းဖြင့် အဘက်ဘက်မှ ဆန့်ကျင်ကြရန် BWM အဖွဲ့က တိုက်တွန်းထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၏ ဦးဆောင်မှုဖြင့် Shadow (အညာ) ၊ No more Dictatorship (NMD-PDF) နှင့် Infinity (အညာ) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး မန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့နှင့် နယ်မြေခံ တော်လှန်ရေး တပ်ဖွဲ့များလည်း ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။