
စစ်ကောင်စီက ရွေးကောက်ပွဲဟန်ပြလုပ်ပြီး စစ်ရာဇဝတ်မှုကင်းခွင့်ရရေးကြိုးပမ်းမှု ထောင်ချောက်ကို ကျော်လွှားကြရန် NUG သတိပေး
ဩဂုတ်-၂၀၊ ၂၀၂၅။ ထားမြတ်/People’s Spring
အကြမ်းဖက်စစ်အုပ်စုသည် တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုကို ဟန်ပြပြုလုပ်ပြီး အာဏာတည်မြဲရေးနှင့် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့၊ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေး ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပြီး တော်လှန်ရေး အင်အားစုများ အားလုံးအနေဖြင့် စုစည်းညီညွတ်စွာဖြင့် ပြည်သူနဲ့အတူရပ်တည်ရင်း စစ်ကောင်စီ၏ ထောင်ချောက်ကို ဆန့်ကျင် ကျော်လွှားကြရန် တိုက်တွန်းခဲ့သည်။
NUGကပုံမှန်ကျင်းပလျက်ရှိသည့်ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းပြောကြားခြင်းအစီအစဉ်ကို ယနေ့ (ဩဂုတ် ၂၀ရက်)တွင် ပြုလုပ်ခဲ့ရာ ဦးနေဘုန်းလတ်က စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဇွတ်အတင်းကြိုးပမ်းနေသည့်တရားမဝင်အတုအယောင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ထိန်းချုပ် နယ်မြေများအတွင်း လုပ်ခွင့်မပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အာရက္ခတပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသား တိုးတက်ရေး ပါတီ(KNPP) စသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများက လက်မခံကြောင်း တရားဝင်ပြောကြားခဲ့မှုများအပေါ် မဟာမိတ်တိုင်းရင်းသားများနှင့် နွေဦးတော်လှန်ရေး အင်အားစုများနှင့်အတူတသားတည်းဟု NUGကအသိ ပေးသည်။
“၂၀၂၀ရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာတဲ့ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြု ကော်မတီဟာ ၂၀၂၁ခုနှစ် မတ်လ ၃၀ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်ကြောင်းကြေညာခဲ့ပြီး ဖြစ်တာကြောင့် ဒီအခြေခံဥပဒေအောက်ကနေလုပ်ဆောင်လျက်ရှိတဲ့တရားမဝင်အတု အယောင် ရွေးကောက်ပွဲအပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ သာဖြစ်တာကြောင့် ဒီလုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူတွေအနေနဲ့ သတိချပ်ကြဖို့ သတိပေးလိုပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ အာဏာ တည်မြဲရေးအတွက် တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုဟန်ပြလုပ်နိုင်ရန် ပြင်ဆင်သည့် အနေ ဖြင့်လူပုဂ္ဂိုလ်နှင့် ဖွဲ့စည်းပုံ အချို့ အပြောင်းအလဲ ပြုလုပ်ခဲ့သည့်အပြင် မြို့နယ်(၆၃) မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ကြောင်း၊ထို့ပြင် ကျန်မြို့နယ်များ၌လည်း ပြည်သူလူထု၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်၊ လုံခြုံ ရေးနှင့် လူ့အခွင့်အရေးများကို စိတ်တိုင်းကျ ချိုးဖောက်ထိပါးနိုင်ရန်လုပ်ဆောင်နေကြောင်း ဦးနေဘုန်းလတ်က ပြောသည်။
” စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့မြို့နယ်တွေမှာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထဲက ဟိုပန်မြို့ပါဝင်သလို၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က စိုးမိုးထိန်းချုပ် ထားတဲ့ မြို့နယ်အချို့လည်း ပါဝင်ပါတယ်။ဒီလုပ်ရပ်တွေဟာအပစ်အခတ်ရပ်စဲတယ်လို့ ဟန်ပြကြေညာထားတဲ့ တိုင်းရင်းသားအင်အားစုတွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ မြန်မာပြည်သူလူထု တရပ်လုံးကို စိန်ခေါ်လိုက်တဲ့ လုပ်ရပ်ဖြစ်ပြီး အဲဒီ့ စိန်ခေါ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ လေကြောင်းတိုက်ခိုက်မှု တွေ၊ စစ်ရာဇဝတ်မှု တွေ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ၊ အဓမ္မစစ်သားစုဆောင်းမှု တွေ၊ မတရားဖမ်းဆီးထိန်းသိမ်းမှုတွေ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များစွာကို ယခင်ကထက် ပိုမိုပြီး ဆတိုးလုပ်ဆောင် လာနေတာကိုလည်းတွေ့ရပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
ထိုသို့ ပြည်သူကို ပစ်မှတ်ထားသည့် လုပ်ရပ်များအနက် ဩဂုတ် ၁ရက်မှ ၁၄ရက်အထိ ၂ပတ်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်တို့အပါအဝင်တိုင်းနှင့် ပြည်နယ် ၁၀ ခု၌ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး အကြိမ် ၅၀ကျော်ရှိခဲ့ဟု ဆိုသည်။
” အဲဒီ့တိုက်ခိုက်မှုတွေအတွင်းကလေးငယ်၊ သံဃာတော်၊ ကိုရင်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုတို့အပါအဝင် အရပ်သားပြည်သူ ၈၆ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
ထို့ပြင်ဩဂုတ်၁၇ရက်တွင်လည်း ကရင်နီပြည် မော်ချီးဒေသရှိ အရပ်သားပြည်သူများနေထိုင်ရာ နေရာတွေကို လေကြောင်း တိုက်ခိုက်မှု၊ မဆင်မခြင်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ရာ ပြည်သူ (၃၂) ဦး သေဆုံးကာ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုးကုတ်၊ ကျောက်မဲ၊ သီပေါမြို့နယ်များကိုလည်း စစ်ကောင်စီကဩဂုတ်လအတွင်း လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄၀ကျော်သေဆုံးခဲ့သည်။
” ဒီလို ပြည်သူလူထုကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေအပြင် စစ်ကြောင်းထိုးတာ၊ ကျေးရွာတွေမီးရှို့တာ၊ အဓမ္မစစ်သားစုဆောင်းတာ၊ ပေါ်တာဆွဲတာ၊မတရားဖမ်းဆီးညှင်းပမ်းနှိပ်စက်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ဆက်တိုက်ဆိုသလို ပြုလုပ်လာနေတာဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်ကပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုထောင်ချီ ပြုလုပ်ခဲ့၍ပြည်သူလူထုထောင်ချီသေဆုံးထိခိုက်ခဲ့ရမှု အခြေ အနေကိုလည်း ဦးနေဘုန်းလတ်က ရှင်းပြသည်။
” အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ဖို့အတွက် ဖွဲ့စည်းပုံပြောင်းလဲပြီး ဆတိုးကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ဆက်လက်စောင့်ကြည့်မှတ်တမ်းတင်သွားမှာဖြစ်ပြီးကျူးလွန်ခံရသူတွေအတွက်တရားမျှတမှု ပြန်လည်ရယူနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
(NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်အား တွေ့ရစဉ်။ ဓာတ်ပုံ – Screen Grab)