ပြည်ပရောက် မြန်မာအလုပ်သမားများ ပြည်တွင်း သို့ ငွေပြန်လွှဲရန်အတွက် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ၄၆၀၀ ကျပ် သို့ တရားဝင်တိုးမြှင့်သတ်မှတ်





🟥 ပြင်ပစျေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၅၁၇၀ ကျပ်အထိ စျေးထိုးတက်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁၉
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ဆက်လက်ကျဆင်းနေပြီး အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၅၁၇၀ အထိ စျေးထိုးတက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၅၀၅၀ ကျပ်ဝန်းကျင်ပေါက်စျေးရှိသော ဒေါ်လာတန်ဖိုးမှာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၅၁၇၀ ကျပ်အထိ ထိုးတက်လာကြောင်း သိရှိရသည်။
“ဒေါ်လာစျေးကတော့ တက်ပြီးရင်း တက်တယ်။ အဝယ်ကအရမ်းကိုတက်တယ်။ အရောင်းပါးတယ်။ အဝယ်တွေချည်းပဲ” ဟု ရန်ကုန်အခြေစိုက် ဒေါ်လာဝယ်ရောင်းဝယ်လက်ကြီးသမားက ပြောဆိုသည်။
အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုအကြောင်းအရင်းများတွင် ကမ္ဘာတွင်လည်း အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်နေခြင်း၊ မြန်မာ့ပြည်တွင်းနိုင်ငံရေးနှင့်စီးပွားရေး အခြေအနေမှာ အလွန်ဆိုးရွားနေခြင်း၊ အထူးသဖြင့် ယခုနှစ်ဘတ်ဂျက်တွင် စစ်အသုံးစရိတ်နှင့် နိုင်ငံ တော်ဘတ်ဂျက် ငွေကျပ် ၅၇ ထရီလီယံ ရှိလာခြင်း၊ စစ်အသုံးစရိတ် ငွေကျပ်ဘီလီယံ ၁ သောင်းကျော်ရှိနေခြင်း၊ ဘတ် ဂျက်လိုငွေပြမှု ဘီလီယံ ၁၂၀၀၀ နီးပါးရှိနေခြင်းများကြောင့် ဖြစ်ကြောင်း၊ ICJ တရားရုံး၏ ဆုံးဖြတ်ချက်သည်လည်း မြန်မာကျပ်ငွေတန်ဖိုးနှင့် စီးပွားရေးကဏ္ဍကို ထိုးနှက်ချက်ဖြစ်လာနိုင်ကြောင်း ပြည်တွင်းစီးပွားရေး အသိုင်းအ၀ိုင်းက ပြောဆိုသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်အသုံးစရိတ် ကျပ် ၅၇ ထရီလီယံကျော်အထိ စံချိန်တင်မြင့်တက်လာပြီး ဘတ်ဂျက်လိုငွေပြမှုလည်း ကျပ် ၁၂ ထရီလီယံနီးပါးအထိ ရှိလာချိန်တွင် လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၌ နိုင်ငံ့ဝန်ထမ်းများကို လစာတိုးမြှင့်ပေးရန် စီစဉ်နေကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည် တော်တွင် ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီလွှမ်းမိုးထားသော လွှတ် တော်အစည်း အဝေးတွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားများ ပြည် တွင်းသို့ ငွေများပြန်လွှဲစေရေးအတွက် ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှစတင်၍ ဗဟိုဘဏ်က ငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၆၀၀ ကျပ်နှုန်းသို့ တရားဝင် တိုးမြှင့်ပေးလိုက်ကြောင်း၊ ပြည်တွင်းပုဂ္ဂလိက ဘဏ်များအားလုံးက တစ်ပြိုင်နက်တည်း ကြေညာသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများ ငွေလွှဲပေးပို့နိုင်ရေး သတ်မှတ်လိုက်သော နိုင်ငံခြား ငွေလဲနှုန်းများတွင် ထိုင်း ၁ ဘတ်လျှင် မြန်မာကျပ်ငွေ ၁၃၆ ကျပ်၊ အမေရိကန် ၁ ဒေါ်လာ ၄၆၀၀ ကျပ်နှင့် ၁ ယူရို လျှင် ငွေကျပ် ၅,၀၅၁ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာလျှင် ၃,၅၆၇ ကျပ် သို့ အသီးသီး တိုးမြှင့်ပေးလိုက်ကြောင်း သိရှိရသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် လစဉ် မိမိဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာ နိုင်ငံသို့ ပြန်လည်လွှဲပြောင်းရမည်ဟု အကြမ်းဖက်စစ်ကောင်စီက တရားဝင် အမိန့် ထုတ်ပြန်ခဲ့ပြီး ယခင်က အမေရိကန် ၁ ဒေါ်လာလျှင် ၃၆၆၀ ကျပ်ဖြင့် ငွေလဲနှုန်း သတ်မှတ်ခဲ့ရာမှ ယခုကဲ့သို့ ပြည်ပရောက် မြန်မာအလုပ်သမားများအတွက် နိုင်ငံခြားငွေလဲနှုန်းကို တရားဝင် တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။