ကြက်ဥဈေးနှုန်းတက်ခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်နေခြင်းများမှာ “ဘာမှ မဆန်းဘူး” ဟု မင်းအောင်လှိုင်ပြော၊ အလုပ် မလုပ်ဘဲ ဟိုအော် ဒီအော်မလုပ်ရန် ပြည်သူများကို ဆူပူကြိမ်းမောင်းအပြစ်တင်

ကြက်ဥဈေးနှုန်းတက်ခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်နေခြင်းများမှာ “ဘာမှ မဆန်းဘူး” ဟု မင်းအောင်လှိုင်ပြော၊ အလုပ် မလုပ်ဘဲ ဟိုအော် ဒီအော်မလုပ်ရန် ပြည်သူများကို ဆူပူကြိမ်းမောင်းအပြစ်တင်
ရန်ကုန်၊ စက်တင်ဘာ ၂၁
ကြက်ဥဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းသည် ထုတ်လုပ်မှုနှင့် ဝယ်လိုအား မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်ခြင်းတို့ကြောင့်ဖြစ်ပြီး ကြက်ဥဈေးနှုန်းကြီးမြင့်ခြင်းမှာ “ဘာမှမဆန်းဘူး” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး မြို့ပြတွင် နေထိုင်သူ ၃၀ ရာခိုင်နှုန်းခန့်ရှိသဖြင့် တွက် ချက်ရလွယ်ကူရန် လူဦးရေ ၁၅ သန်းခန့်ဖြင့် တွက်ကြည့်ပါက မွေးမြူထားသည့် ကြက်ဥစားကြက်အရေအတွက်မှာ လူဦးရေနှင့် မမျှတဘဲ အလွန်နည်းပါးနေကြောင်း မင်းအောင်လှိုင်က ပြောသည်။
“မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်မှာ ၃၀ ရာခိုင်နှုန်းက မြို့ပြမှာနေတယ်ဆိုတော့ တွက်ရလွယ်အောင် ၁၅ သန်းနဲ့ တွက်ကြည့်ပါတယ်။ အဲတော့ မွေးတဲ့ကြက်ဥနဲ့ ဥစားကြက်နဲ့ လူဦးရေနဲ့ မမျှပါဘူး။ တော်တော်ကို နည်းတာတွေ့ရပါတယ်။ ဒါကြောင့် ကြက်ဥဈေးကြီးတာ ဘာမှမဆန်းဘူး။ အဲတော့ Supply နဲ့ Demand မမျှဘူးလေ” ဟု မင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် အသားစားကြက်နှင့် ဥစားကြက်များအတွက် လူတစ်ဦးလျှင် တစ်နေ့တစ်လုံးနှုန်းဖြင့်ပင် တွက်ချက်ကြည့်ပါက လိုအပ်ချက်နှင့် လက်ရှိထုတ်လုပ်နိုင်မှုအကြား ကွာဟချက်များရှိနေကြောင်း ၎င်းက ပြောသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် စာရင်းများကို စုစည်းတွက်ချက်ကြည့်ပါက အသား၊ ငါးနှင့် ဝက်သားများအပါအဝင် မွေးမြူရေးထုတ်ကုန်များသည်လည်း လိုအပ်ချက်ကို မပြည့်မီကြောင်း မင်းအောင်လှိုင်က ဆိုသည်။
ဝက်သားနှင့်ပတ်သက်၍ လူတစ်ဦးလျှင် တစ်နေ့ ၅ ကျပ်သားစားသုံးသည်ဟု တွက်ချက်ထားသော် လည်း အမှန်တကယ်မှာ ၁၀ ကျပ်သားခန့် စားသုံးနေကြကြောင်း၊ ၅ ကျပ်သားနှုန်းဖြင့်သာ တွက်ချက်လျှင်ပင် တစ်နေ့တာ ဝက်သားလိုအပ်ချက်မှာ အလွန်များပြားနေကြောင်း မင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုသည်လည်း စိတ်ဝင်စားဖွယ်ရာ ခေါင်းစဉ်တစ်ခုဖြစ်ပြီး နေ့စဉ်နှင့်အမျှ သတင်းစာ၊ ဂျာနယ်နှင့် ပုဂ္ဂလိကမီဒီယာများတွင် ရေးသားဖော်ပြနေကြကြောင်း မင်းအောင်လှိုင်က ပြောသည်။
ကုန်ဈေးနှုန်းမြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းများထဲတွင် ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှု မမျှတခြင်း၊ ကုန်ထုတ်လုပ်မှု မလုံလောက်ခြင်းတို့ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
“အမှန်ပါပဲ၊ ဒါကတော့ ဈေးကြီးတယ်။ ဘာလို့လဲ ကုန်ထုတ်လုပ်မှုနဲ့ ကုန်ကြမ်း၊ ကုန်ထုတ်လုပ်မှုနဲ့ စားသုံးမှု မမျှတာ၊ စောစောက ပြောတဲ့ အသားငါးတွေ ဘာကြောင့်ဈေးကြီးလဲဆိုရင် ကျွန်တော်တို့ ကုန်ထုတ်လုပ်မှုမှာ မရှိတော့ဘူး။ အဲတော့ ဈေးကြီးမှာပေါ့” ဟု မင်းအောင်လှိုင်က ပြောသည်။
ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်နေခြင်းသည်လည်း ကုန်ဈေးနှုန်းမြင့်တက်စေသည့် အကြောင်းရင်းတစ်ခုဖြစ်ပြီး လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်း၊ ပြည်ပမှ တင်သွင်းရသည့် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်ခြင်းနှင့် အလုပ်သမားစရိတ်များ တက်လာခြင်းတို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်လာကြောင်း ၎င်းက ရှင်းပြသည်။
ထို့အပြင် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် ဖြတ်သန်းရသည့် ဂိတ်များပြားလာခြင်းကြောင့်လည်း ကုန်ကျစရိတ်များ မြင့်တက်လာကြောင်း မင်းအောင်လှိုင်က ပြောသည်။
“စရိတ်စကတွေများတယ်။ ဂိတ်တွေ များတာပေါ့။ ပွင့်လင်းပြောရင် ဂိတ်တွေ၊ ဟိုဂိတ် ဒီဂိတ်ပေါ့၊ အမျိုးစုံ တိုင်းတွေမှာဖွင့်ထားကြ၊ ပြည်နယ်တွေမှာ ဖွင့်ထားကြတော့ ဒီဂိတ်တွေကနေပြီးတော့ Cost တွေ တက်လာတာရှိတယ်” ဟု ၎င်းက ပြောသည်။
ယင်းဂိတ်များနှင့် ဆက်စပ်သည့် တရားမဝင်ကုန်ကျစရိတ်များကြောင့်လည်း ကုန်ဈေးနှုန်းမြင့်တက်မှုအပေါ် သက်ရောက်မှုရှိနေသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထိန်းသိမ်းရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
ကုန်ဈေးနှုန်းကျဆင်းစေရန်အတွက် အဓိကအားဖြင့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန်လိုအပ်ပြီး နိုင်ငံဝင်ငွေ ရရှိရန်အတွက်လည်း ပြည်တွင်းကုန်ထုတ်လုပ်မှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒါကြောင့် ဒါက ကုန်ဈေးနှုန်းကျဆင်းချင်တယ်ဆိုရင် ထုတ်လုပ်မှု ကျွန်တော်တို့ မြှင့်တင်ရမှာဖြစ်ပါတယ်။ နံပါတ်တစ်ချက်၊ မလွဲမသွေ ထုတ်လုပ်မှု မြှင့်တင်ရမယ်။ တိုင်းပြည်ဝင်ငွေ ရချင်တယ်ဆိုရင် ကုန်ထုတ်လုပ်မှု မြှင့်တင်ရမှာဖြစ်ပါတယ်။ တိုင်းပြည်ဝင်ငွေ မရှိဘဲနဲ့ ပြည်ပက သွင်းဖို့ဆိုတာတော့ တော်တော်လေး ခက်ပါတယ်” ဟု မင်းအောင်လှိုင်က ပြောသည်။
ထို့နောက် ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် ဝေဖန်ရေးသားမှုများနှင့်ပတ်သက်၍ ပြည်သူများနှင့် မီဒီယာများကို ပြစ်တင်ပြောဆိုခဲ့ပြီး အလုပ်မလုပ်ဘဲ ပြဿနာများကိုသာ အော်ဟစ်ပြောဆိုနေ၍ မရကြောင်း မင်းအောင်လှိုင်က ပြောသည်။
“အလုပ်မလုပ်ဘဲနဲ့တော့ အော်နေလို့ မရဘူးဗျ။ အဲဒီအော် ဒီအော်နဲ့ လျှောက်ရေးတွေကို လျှောက်ရေးကြ၊ အွန်လိုင်းမှာလည်း ရေးကြ၊ သတင်းစာဂျာနယ်တွေမှာလည်း ရေးကြတော့ တချို့က တော်တော်လေး လွဲနေပါတယ်” ဟု မင်းအောင်လှိုင်က ပြောသည်။
သို့သော် ကုန်ဈေးနှုန်းနှင့် စီးပွားရေးအခြေအနေများအပေါ် ရေးသားသုံးသပ်မှုများတွင် အချို့မှာ မှန်ကန်ကြောင်း၊ အချို့မှာ အခြေခံအကြောင်းအရာများကို မှားယွင်းစွာ စဉ်းစားထားကြောင်း တွေ့ရပြီး မိမိအနေဖြင့် အားလပ်ချိန်များတွင် ယင်းဆောင်းပါးများကို ဖတ်ရှုကြောင်းလည်း ၎င်းက ပြောသည်။
“တချို့လည်း မှန်ပါတယ်။ ကျွန်တော် မငြင်းပါဘူး။ ကျွန်တော်လည်း ဖတ်ပါတယ်။ အားရင် အားသလိုတော့ ကျွန်တော် အဲဒီဆောင်းပါးတွေ ကျွန်တော်ဖတ်တယ်။ ကိုယ့်တိုင်းပြည် အခု ဘယ်လိုလုပ်ရင်ကောင်းမလဲ ကျွန်တော် ဒီလိုပဲ စဉ်းစားပါတယ်” ဟု မင်းအောင်လှိုင်က ပြောသည်။
အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းပြည်တွင် ကုန်စျေးနှုန်းကြီးမြင့်ခြင်းကို သိရှိပြီး ၎င်းအနေဖြင့် တတ် စွမ်းသလောက် ကြိုးစားဖြေရှင်းနေကြောင်း၊ တိုင်းပြည်တွင် ဝင်ငွေမရှိဘဲ ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းခွင့်ပြုရန် အလွန်ခက်ခဲကြောင်း ၊ လူတိုင်း အလုပ်လုပ်ပြီး ကုန်ထုတ်လုပ်မှုမြှင့်တင်သွားရန် အရေးကြီးကြောင်း ပြောဆိုသွားသည်။