ထိုင်း၊ မလေးရှား၊ စင်ကာပူ အပါအဝင် ပြည်ပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသားများကို ဗီဇာထုတ် ပေးခြင်း၊ ဗီဇာသက်တမ်းတိုးပေးခြင်းများ လုပ်ဆောင်မည်ဆိုပါက မြန်မာသံရုံးများ၏ ထောက်ခံချက် မဖြစ်မနေ ပါရှိမှသာ လုပ်ဆောင်ပေးကြရန် မြန်မာစစ်ကောင်စီက အကြောင်းကြားစာပေးပို့

ထိုင်း၊ မလေးရှား၊ စင်ကာပူ အပါအဝင် ပြည်ပနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသားများကို ဗီဇာထုတ် ပေးခြင်း၊ ဗီဇာသက်တမ်းတိုးပေးခြင်းများ လုပ်ဆောင်မည်ဆိုပါက မြန်မာသံရုံးများ၏ ထောက်ခံချက် မဖြစ်မနေ ပါရှိမှသာ လုပ်ဆောင်ပေးကြရန် မြန်မာစစ်ကောင်စီက အကြောင်းကြားစာပေးပို့
ရန်ကုန်၊ စက်တင်ဘာ ၁၈
ထိုင်း၊ မလေးရှား၊ စင်ကာပူအပါအဝင် အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့တွင် ရောက် ရှိနေသည့် မြန်မာနိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်း၊ ဗီဇာသက်တမ်းတိုးပေးခြင်းနှင့် ဗီဇာအမျိုးအစားပြောင်းလဲပေးခြင်းများ ဆောင်ရွက်ရာတွင် မြန်မာသံရုံး၏ မြန်မာနိုင်ငံသားအစစ်အမှန်ဖြစ်ကြောင်း ထောက်ခံချက် မဖြစ်မနေ ပါရှိမှသာ ဆောင်ရွက်ပေးရန် မြန်မာစစ်ကောင်စီက သက်ဆိုင်ရာနိုင်ငံများထံ အကြောင်းကြားစာများ ပေးပို့ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ အများဆုံးရှိနေသည့် ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့အပါ အဝင် နိုင်ငံများ၏ အစိုးရများထံသို့ မြန်မာစစ်ကောင်စီက အဆိုပါအကြောင်းကြားစာများ ပေးပို့ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ၏ ဗီဇာကိစ္စများ ဆောင်ရွက်ရာတွင် မြန်မာသံရုံး၏ ထောက်ခံချက်ပါရှိမှသာ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
“သံရုံးထောက်ခံစာပါမှ မြန်မာနိုင်ငံသားတွေကို နှစ်ရှည်ဗီဇာသက်တမ်းတိုးပေးတာ၊ ဗီဇာထုတ်ပေးတာ၊ ဗီဇာပြောင်းလဲတာတွေ လုပ်ပေးကြဖို့ နေပြည်တော်ကနေ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတွေဆီ သက်ဆိုင်ရာ မြန်မာသံအမတ်ကြီးတွေကတစ်ဆင့် မေတ္တာရပ်ခံစာတွေ ပေးပို့ထားပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ရရှိသည့် ဝင်ငွေများကို စစ်ကောင်စီလက်အောက်ရှိ ပုဂ္ဂလိ ကဘဏ်နစ်များမှတစ်ဆင့် တရားဝင်ငွေလွှဲလမ်းကြောင်းစနစ် Family Remittance Management System -(FRMS) မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့နိုင်ရေးအတွက်လည်း သက်ဆိုင်ရာနိုင်ငံများက ပူး ပေါင်းဆောင်ရွက်ပေးရန် မြန်မာစစ်ကောင်စီ၏ အကြောင်းကြားစာတွင် ဖော်ပြထားကြောင်း သိရှိရသည်။
လတ်တလော ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အချက် အလက်များကို စနစ်တကျ စုဆောင်းနိုင်ရေးနှင့် မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲပေးပို့နိုင်မည့် လမ်း ကြောင်းများ ဖော်ဆောင်ရေးအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံအစိုးရ၊ အလုပ်သမားဝန်ကြီး Julapun Amornvivat နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးတို့သည် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ထိုင်းအလုပ်သမားဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ် သားများ၏ အချက်အလက်များ စုဆောင်းရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများနှင့် နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ထိုင်းရောက် မြန်မာလုပ်သားများ ရရှိသည့် လုပ်ခလစာများကို မြန်မာနိုင်ငံသို့ ပိုမိုစနစ် တကျ လွှဲပြောင်းပေးပို့နိုင်ရန် တရားဝင်ငွေလွှဲလမ်းကြောင်းများ ဖော်ဆောင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ထိုင်းအလုပ်အကိုင်ဌာန၏ စာရင်းအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၂၇ သန်း ကျော် ရှိကြောင်း သိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ အလုပ်အကိုင်နှင့် အထောက်အထားဆိုင်ရာ အချက် အလက်များကို စနစ်တကျ စုဆောင်းနိုင်ရေးနှင့် တရားဝင်ငွေလွှဲစနစ် ဖော်ဆောင်ရေးသည် နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုတွင် ဆက်လက်အာရုံစိုက်မည့် ကိစ္စရပ်တစ်ခု ဖြစ်လာကြောင်း သိရသည်။