ပြည်ပသံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး၊ အသစ်လဲလှယ်မှုများကို နေပြည် တော်ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရန် ယခင်ညွှန်ကြားချက် ပြန်လည်တင်းကျပ်ကျင့်သုံး

ပြည်ပသံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး၊ အသစ်လဲလှယ်မှုများကို နေပြည် တော်ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရန် ယခင်ညွှန်ကြားချက် ပြန်လည်တင်းကျပ်ကျင့်သုံး
🟥 နေပြည်တော်က မသိရှိဘဲ ခွင့်ပြုထားခြင်းမရှိသော အတုမဟုတ်သည့် နိုင်ငံကူးလက်မှတ်အစစ်များ ထွက်ရှိနေမှုကိုလည်း အရေးယူဆောင်ရွက်ရန် ညွှန်ကြား
ရန်ကုန်၊ ဩဂုတ် ၂၀
ပြည်ပနိုင်ငံများရှိ စစ်တပ်လက်အောက်ခံ သံရုံးများတွင် နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်း၊ အသစ်လဲလှယ်ခြင်းများကို နေပြည်တော်၏ ခွင့်ပြုချက်ရှိမှသာ ဆောင်ရွက်ပေးရန် ယခင်ကတည်းကညွှန်ကြားထားခြင်းဖြစ်ပြီး ယင်းညွှန်ကြားချက်ကို ပြန်လည် တင်း ကျပ် ကျင့်သုံးလာခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက အကြမ်းဖက်စစ်တပ်က ပြည်ပနိုင်ငံများရှိ သံရုံးများတွင် နိုင်ငံကူးလက်မှတ် အမျိုးအစားမှန်သမျှ လဲလှယ်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပျောက်ဆုံးလျှောက်ထားခြင်းများအတွက် နေပြည်တော်သို့ တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ပေးရန် ညွှန်ကြားထားခဲ့ကြောင်း သိရှိရသည်။
ပြည်ပရှိ သံရုံးများနှင့် နေပြည်တော်၊ပြည်ထဲ ရေး ဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးအဖွဲ့တို့ ချိတ်ဆက်ထားပြီး CDM စာ ရင်းများ၊ နိုင်ငံရေးအမှုဖြင့် ထွက်ပြေးနေရသူများ၊ PDF များ၊ စစ်ပြေး၊ ရဲပြေးနှင့် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းများ၏ စာရင်းကို အမြဲတစေ ပေးပို့နေကြောင်း၊နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်လဲလှယ်သူများသည် ပေးပို့ စာရင်းပါဝင်နေပါက နိုင်ငံကူးလက်မှတ်ကိစ္စများ ဆောင်ရွက်ပေးခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
“ထိုင်းမှာ PV ပတ်စ်ပို့တွေကို နေပြည်တော်တင်ရမယ်ဆိုတာက အသစ်ညွှန်ကြားချက်မဟုတ်ဘူး။ ၂၀၂၁ ခုနှစ်ကတည်းက ထုတ်ထားပြီးသားညွှန်ကြားချက်ပါ။ အဲဒီညွှန် ကြားချက်ကို ပြန်ပြီး အကောင်အထည်ဖော် တင်းကျပ်တာပဲ။ ပြည်ပ နိုင်ငံတွေအားလုံးမှာရှိတဲ့ သံရုံးတွေအားလုံးမှာလည်း ပတ်စ်ပို့သက်တမ်းတိုးတာ၊ အသစ်လဲလှယ်တာတွေက နေပြည် တော်ရဲ့ ခွင့်ပြုချက်မရှိရင် ထုတ်ပေးခွင့်မရှိပါဘူး။ အရင် ညွှန် ကြားချက်ကို ပြန်ပြီး တင်းတင်းကျပ်ကျပ် ကျင့်သုံးလာတယ်လို့ ပြောရမှာပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် ပြည်ပနိုင်ငံများတွင် နေပြည်တော်က ခွင့်ပြု ထုတ်ပေးထားခြင်းမရှိသော မြန် မာနိုင်ငံကူးလက်မှတ် အတုမဟုတ်သော အစစ်များ ထွက်ရှိနေမှုများကိုလည်း အရေး ယူ ဆောင်ရွက်ရန် ပြည်ထဲ ရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရှိရသည်။
လက်ရှိ ပြည်ပတွင် ရောက်ရှိနေသူများ ကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်များကို ပြန်လည် သက်တမ်းတိုးရာတွင် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေခြင်း၊ CDM စာရင်းတွင် ပါဝင်နေခြင်း အပါအဝင် Black List စာရင်းတွင်ပါဝင်နေပါက ပတ်စ်ပို့ သက်တမ်းတိုးခြင်း၊ အသစ်လဲလှယ်ခြင်းများ လုပ်ဆောင်ခွင့်ရရှိမည်မဟုတ်ဘဲ နိုင်ငံကူးလက်မှတ်ကိုပါ ဖျက် သိမ်းရန် ပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရှိရသည်။