ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာစစ်တပ်သံရုံးတွင် PV နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမှု၊ စာအုပ်အသစ်လဲလှယ်မှုများ များအားလုံးကို ယနေ့မှ စတင် ရပ်ဆိုင်းလိုက်ပြီး နေပြည်တော်သို့ ခွင့်ပြုလျှောက်လွှာစာများ တင်ခိုင်း
ရန်ကုန်၊ ဩဂုတ် ၁၉

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာစစ်တပ်သံရုံးတွင် PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့် စာအုပ်အသစ်လဲလှယ်ခြင်းများကို ယနေ့ ဩဂုတ်လ ၁၉ ရက်မှစတင်၍ ယခင်အတိုင်း တိုက်ရိုက်ဆောင်ရွက်ပေးတော့ခြင်းမရှိဘဲ ရပ်ဆိုင်းလိုက်ပြီး နေပြည်တော်သို့ လျှောက်လွှာစာတင်ခိုင်းကာ ခွင့်ပြုချက်ရရှိမှသာ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယနေ့ သံရုံးသို့ သက်တမ်းတိုးရန် သွားရောက်ခဲ့သူများထံမှ သိရသည်။
လက်ရှိ ပြောင်းလဲလိုက်သည့် လုပ်ငန်းစဉ်အရ PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် စာအုပ်အသစ်လဲလှယ်လိုပါက သက်ဆိုင်ရာ ဖောင်များကို ကိုယ်တိုင်ဖြည့်စွက်၍ နေပြည်တော်သို့ လျှောက်ထားရမည်ဖြစ်ပြီး အဆိုပါအချက်အလက်များကို နေပြည်တော်သို့ ပြန်လည်တင်ပြကာ စိစစ်ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်မှ ပြုလုပ်ခွင့်ပြုကြောင်း အကြောင်းပြန်စာ ရရှိလာမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း သို့မဟုတ် စာအုပ်အသစ်လဲလှယ်ခြင်းကို ဆက်လက်လုပ်ဆောင်ပေးမည်ဟု သံရုံးက တရားဝင် အသိပေး ပြောဆိုကြောင်း သိရသည်။
ယနေ့ သံရုံးသို့ သွားရောက်လျှောက်ထားခဲ့သူများ၏ ပြောဆိုချက်အရ PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအားလုံး ယခုလုပ်ထုံးလုပ်နည်းအတိုင်း စာတင်ရမည်ဖြစ်ပြီး မည်သည့်ဗီဇာအမျိုးအစား ကိုင်ဆောင်ထားသည်ဖြစ်စေ PV နိုင်ငံကူးလက်မှတ်မှ အခြားနိုင်ငံကူးလက်မှတ်အမျိုးအစားသို့ ပြောင်းလဲလျှောက်ထားခြင်းများတွင်လည်း နေပြည်တော်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဉ်တွင် PV မှ PJ၊ PV မှ PT၊ PV မှ PE စသည့် နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲလျှောက်ထားမှုများလည်း ပါဝင်ကြောင်း သိရသည်။
လျှောက်ထားသူများအနေဖြင့် ဖောင်တင်ပြီးနောက် နေပြည်တော်မှ ခွင့်ပြုချက်ပြန်လည်ကျလာသည့် ရက်စွဲအတိုင်းသာ သံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့် စာအုပ်လဲလှယ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးမည်ဟု သိရသည်။
ထို့အပြင် ယနေ့ သက်တမ်းတိုးရန် သွားရောက်ခဲ့သူတစ်ဦး၏ ပြောဆိုချက်အရ လျှောက်ထားပြီးနောက် ၂ လအကြာတွင် ပြန်လည်လာရောက်စုံစမ်းရန် ဟု ထုတ်ပေးသည့် ဘောက်ချာတွင် မှတ်ချက်အဖြစ် ရေးပေးလိုက်ကြောင်း သိရသည်။
အဆိုပါလုပ်ထုံးလုပ်နည်းသည် ယခင် နိုင်ငံကူးလက်မှတ်ပျောက်ဆုံးမှုအတွက် ပြန်လည်လျှောက်ထားရသည့် လုပ်ငန်းစဉ်နှင့် ဆင်တူသည့် ပုံစံဖြစ်လာကြောင်းလည်း လျှောက်ထားသူများက ပြောဆိုသည်။
ထိုင်းနိုင်ငံသို့ PV နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ရောက်လာပြီးနောက် အလုပ်ဗီဇာ၊ ကျောင်းသားဗီဇာ၊ မှီခိုဗီဇာနှင့် အခြားဗီဇာအမျိုးအစားများ ကိုင်ဆောင်ထားသူများလည်း ယခုကဲ့သို့ PV နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် စာအုပ်အသစ်လဲလှယ်ခြင်း လုပ်ငန်းစဉ်တွင် နေပြည်တော်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းရမည့်အခြေအနေ ဖြစ်လာခြင်းကြောင့် ထိုင်းရောက် မြန်မာများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။
သို့သော် PV နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို ယခုကဲ့သို့ ရုတ်တရက် ပြောင်းလဲလိုက်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ မြန်မာသံရုံး၊ ဘန်ကောက်ဘက်မှ တရားဝင်ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။