မင်းအောင်လှိုင်၏ ဆီခွဲတမ်းလျှော့ချမှုကြောင့် ဖြစ်ပေါ်လာသော စားအုန်းဆီဈေး တဟုန်ထိုးမြင့်တက်မှုအပေါ် ဖမ်းဆီးအရေးယူရန် အမိန့်ထွက်လာ၍ ဆီဈေးကွက်နှင့် ကုန်သည်များ ဝရုန်းသုန်းကားဖြစ်

မင်းအောင်လှိုင်၏ ဆီခွဲတမ်းလျှော့ချမှုကြောင့် ဖြစ်ပေါ်လာသော စားအုန်းဆီဈေး တဟုန်ထိုးမြင့်တက်မှုအပေါ် ဖမ်းဆီးအရေးယူရန် အမိန့်ထွက်လာ၍ ဆီဈေးကွက်နှင့် ကုန်သည်များ ဝရုန်းသုန်းကားဖြစ်
ရန်ကုန်၊ ဇူလိုင် ၁၃
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စားအုန်းဆီဈေးနှုန်းမြင့်တက်မှုအပေါ် ဆီကုန်သည်များနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများကို ဖမ်းဆီးအရေးယူရန် အမိန့်ထုတ်လိုက်သဖြင့် ဆီကုန် သည်များ အရောင်းအဝယ်ရပ်ဆိုင်းကာ စားအုန်းဆီဈေးကွက်တစ်ခုလုံး ဝရုန်း သုန်းကားနှင့် ဂယောက်ဂယက်ဖြစ်ပေါ်နေကြောင်း ဆီကုန်သည်အသိုင်းအဝိုင်းထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန် အကြောင်းပြ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို ၃၀ ရာခိုင်နှုန်းကျော် လျှော့ချလိုက်ရာ ဆီခွဲတမ်းများ သိသိသာသာ လျော့ကျသွားပြီး ပြင်ပဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၂၀,၀၀၀ အထိ ဈေးနှုန်းတဟုန်ထိုး မြင့်တက်လာကြောင်း ဆီကုန်သည်များထံမှ သိရှိရသည်။
ယင်းသို့ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာချိန်တွင် ဈေးကွက်အတွင်း တစ်ဆင့်ပြန်လည်ရောင်းချသူများကို စိစစ်ဖမ်းဆီးအရေးယူရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်လာသဖြင့် ဆီကုန်သည်များက ဖမ်း ဆီးခံရမည်ကို စိုးရိမ်ကာ အရောင်းအဝယ်များ ရပ်ဆိုင်းထားကြပြီး စားအုန်းဆီဈေး ကွက်မှာ ဝရုန်း သုန်းကားနှင့် ဂယောက်ဂယက်ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ စားအုန်းဆီအသင်းနှင့် ဆီကုန်သည်အသိုင်းအဝိုင်းထံမှ သိရှိရသည်။
မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အဖြစ် ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေး၊ သွင်းကုန်လျှော့ချ၍ ပို့ကုန်တိုးမြှင့်ရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု ချွေတာရေးတို့ကို အကောင်အထည်ဖော်ရန် ညွှန်ကြားထားပြီး ယင်းအစီအစဉ်အရ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို အနည်းဆုံး ၃၀ ရာခိုင် နှုန်းကျော် လျှော့ချထားခြင်းဖြစ်ကြောင်း သိရသည်။
စားအုန်းဆီတင်သွင်းမှု လျှော့ချလိုက်ခြင်းနှင့်အတူ သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ ခွဲဝေချ ထားပေးမှုများကိုလည်း စစ်ကောင်စီက ထိန်းချုပ်ထားရာ ဆီကုန်သည်များ ရရှိသည့် ခွဲတမ်းပမာဏများ လျော့ကျသွားပြီး ဈေးကွက်အတွင်း စားအုန်းဆီရှားပါးမှု စတင်ဖြစ်ပေါ်လာကြောင်း သိရှိရသည်။
“သတ်မှတ်ရည်ညွှန်းဈေးက စားအုန်းဆီတစ်ပိဿာ ၇,၂၀၀ ကျပ်ဝန်းကျင် သတ်မှတ်ထားပေမယ့် ပြင်ပမှာ တစ်ပိဿာ ၂၀,၀၀၀ ကျပ်အထိ ဈေးတက်နေတာက ခွဲတမ်းလျှော့လိုက်လို့ တက်တာပါ။ အခု ဆီကုန်သည်တိုင်း ခွဲတမ်းအပြည့်မရတော့ဘူး။ စားအုန်းဆီက ရှားသွားတာ။ အဲဒါကို ကုန်သည်တွေ ဖမ်းမယ်လို့ အမိန့်ထွက်လာတော့ အကုန်အလုပ်တွေ ရပ်ထားတယ်။ ဈေးကွက်ထဲမှာ အရောင်းအဝယ်တွေ ခဏဆိုင်းငံ့ထားပြီး အကုန်စောင့်ကြည့်နေကြတယ်” ဟု ရန်ကုန်အခြေစိုက် ဆီကုန်သည်ကြီးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းပြသည်။
ထို့ပြင် စစ်ကောင်စီက ရွှေ၊ ဆန်နှင့် စက်သုံးဆီအပါအဝင် ကုန်ဈေးနှုန်းများ မြင့်တက်သည့်အခါတိုင်း ကုန်သည်နှင့် လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးအရေးယူလေ့ရှိသဖြင့် ယခုအခါ ဆီကုန်သည်များအနေဖြင့်လည်း “စံပြဖမ်းဆီးခံရသူ” ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ရွှေ၊ ဆန်၊ စက်သုံးဆီ ဘာပဲဖြစ်ဖြစ် ဈေးတက်ပြီဆိုရင် ကုန်သည်၊ လုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေး ယူပြနေတာ။ အခု ဆီကုန်သည်တွေလည်း စံပြအဖမ်းခံထိမှာ စိုးရိမ်လို့ အကုန်ကြည့်နေကြတာ။ ဈေးကွက်လည်း ဂယောက်ဂယက်ဖြစ်ကုန်တယ်” ဟု အဆိုပါ ဆီကုန်သည်ကြီးက ပြောသည်။
စစ်ကောင်စီက ဇူလိုင်လ ၁၁ ရက်နေ့တွင် စားအုန်းဆီနှင့်ပတ်သက်၍ သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဝယ်ယူရရှိထားသည့် စားအုန်းဆီကို အမှန်တကယ်အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများအား စိစစ်အရေးယူနေကြောင်း တရားဝင်ကြေညာခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပြည်တွင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန်နှင့် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုမြှင့်တင်ကာ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို အဆင့်ဆင့်လျှော့ချရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။
ဇူလိုင်လအတွက် ပြည်ပမှတင်သွင်းသည့် စားအုန်းဆီများကို တိုင်းနှင့်ပြည်နယ်အလိုက် လူဦးရေနှင့် စားသုံးမှုနှုန်းအပေါ် မူတည်၍ ယခင်လများ၏ ဖြန့်ဖြူးမှုပမာဏကို အခြေခံကာ အသုတ်လိုက် ဖြန့်ခွဲပေးနေကြောင်း၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီကိုလည်း အမှန်တကယ်လိုအပ်သည့် လုပ်ငန်းအရေ အတွက်အပေါ် စိစစ်တွက်ချက်၍ ဖြန့်ဖြူးပေးနေကြောင်း စစ်ကောင်စီက ဆိုသည်။
ထို့ပြင် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းများအတွက် လိုအပ် သော စားအုန်းဆီရရှိရေး ပေါင်းစပ်ညှိနှိုင်းပေးနေပြီး လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်လိုအပ်သည့် ပမာဏကိုသာ လျှောက်ထားဝယ်ယူရန် စစ်ကောင်စီက သတိပေးထားသည်။
သို့သော် ဆီကုန်သည်များက စားအုန်းဆီတင်သွင်းမှုနှင့် ခွဲတမ်းများကို စစ်ကောင်စီကိုယ်တိုင် လျှော့ချလိုက်ခြင်းကြောင့် ဈေးကွက်အတွင်း ပစ္စည်းရှားပါးကာ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး ယင်းပြဿနာကို ဖြေရှင်းမည့်အစား ကုန်သည်များအား ဖမ်းဆီးအရေးယူရန် လုပ်ဆောင်လာခြင်းက ဈေးကွက်ကို ပိုမိုမတည်မငြိမ်ဖြစ်စေကြောင်း ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းရန် တစ်လလျှင် စားအုန်းဆီတန်ချိန် ၅ သောင်းကျော် တင်သွင်းရပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၁၅၀ ခန့်ဖြင့် ဝယ်ယူရသဖြင့် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် ကုန်ကျကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်တွင်း၌ မြေပဲ၊ ပဲပုပ်၊ နေကြာနှင့် နှမ်းတို့မှ ထုတ်လုပ်သည့် စားသုံးဆီမှာ တစ်နှစ်လျှင် တန်ချိန် ၂၈၀,၀၀၀ ခန့်သာရှိပြီး ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သဖြင့် ပြည်ပမှ စားအုန်းဆီတန်ချိန် ၆၄၁,၇၈၃ ခန့် တင်သွင်းနေရကြောင်း စစ်တပ်က ဆိုသည်။
မြန်မာနိုင်ငံသည် ပုံမှန်အားဖြင့် နှစ်စဉ် စားအုန်းဆီတန်ချိန် ၈ သိန်းမှ ၁ သန်းဝန်းကျင်အထိ တင်သွင်းနေရသော်လည်း ယခုနှစ်တွင် တန်ချိန် ၆ သိန်းကျော်သာ တင်သွင်းရန် လျှော့ချထားခြင်းဖြစ်သည်။
ယခင်က လူတစ်ဦးလျှင် စားအုန်းဆီ ၂ ဒသမ ၂၅ ကျပ်သားနှုန်း ခွဲတမ်းပေးခဲ့ရာမှ ယခုအခါ ၁ ဒသမ ၆၅ ကျပ်သားသို့ လျှော့ချထားပြီး ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် ဆီခွဲတမ်းများမှာ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချခံထားရကြောင်း ဆီကုန်သည်များထံမှ သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီသတ်မှတ်သည့် ရည်ညွှန်းဈေးမှာ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၇,၀၀၀ ကျပ်ကျော် ဝန်းကျင်သာရှိသော်လည်း ပြင်ပဈေးကွက်နှင့် ဝယ်ယူခွင့်စာအုပ်မရှိသော ပြည်သူများထံ ရောက်ရှိချိန်တွင် တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။
စစ်ကောင်စီဘက်က ယင်းသို့ ဈေးနှုန်းမြင့်တက်မှုမှာ တစ်ဆင့်ပြန်လည်ရောင်းချသူများနှင့် “ဝိသမ လောဘသားများ” ကြောင့်ဖြစ်သည်ဟု အပြစ်တင်ပြောဆိုနေသော်လည်း ဆီကုန်သည်များနှင့် စီးပွား ရေးလုပ်ငန်းရှင်များကမူ စားအုန်းဆီတင်သွင်းမှုနှင့် ခွဲတမ်းများကို ရုတ်တရက် လျှော့ချလိုက်ခြင်း၏ တိုက်ရိုက်နောက်ဆက်တွဲဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။
စစ်ကောင်စီက စားအုန်းဆီတင်သွင်းမှုကို ဆက်လက်လျှော့ချ၍ ပြည်တွင်းဆီထွက်သီးနှံများဖြင့် အစား ထိုးသုံးစွဲရေးမူဝါဒကို အကောင်အထည်ဖော်နေချိန်တွင် အခြေခံလူတန်းစားများအတွက် စားအုန်းဆီဝယ်ယူရရှိမှု ပိုမိုခက်ခဲလာနိုင်ပြီး ဆီဈေးနှုန်းများလည်း ဆက်လက်မြင့်တက်နိုင်ကြောင်း ဆီကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။