ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ၊ အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြင်တွေ့လိုဟု မြန်မာစစ်တပ်ကို ပြော
ရန်ကုန်၊ ဇူလိုင် ၁၃




မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှု ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တောင်းဆိုလိုက်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ပြောဆိုသည်။
ယမန်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာစစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး ဆိုသူ တင်မောင်ဆွေနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာ့အရေးနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်သည် ယခင်ကလည်း အရေးပါခဲ့သလို လက်ရှိအချိန်အထိ ဆက်လက်အသက်ဝင်နေဆဲဖြစ်ကြောင်း အတည်ပြုသည်ဟု ဆိုသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် မြန်မာ့အရေးတွင် လက်တွေ့ကျပြီး ထင်သာမြင်သာရှိသော တိုးတက်မှုများကို မြင်တွေ့လိုကြောင်း၊ အထူးသဖြင့် အဓိကအချက် ၃ ချက်တွင် တိုးတက်မှုရှိရန် လိုလားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
ပထမအချက်အနေဖြင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုအားလုံးကို အပြီးတိုင် ရပ်တန့်ရန်၊ ဒုတိယအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်နှင့် တတိယအချက်အနေဖြင့် အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန AHA Centre ကို နိုင်ငံရေးရပ်တည်ချက် မည်သို့ပင်ရှိစေကာမူ အကူအညီလိုအပ်သည့် မြန်မာနိုင်ငံတစ်ဝန်းရှိ မည်သည့်နေရာကိုမဆို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးပို့နိုင်ရန် ခွင့်ပြုရမည်ဖြစ်ကြောင်း သိရှိရသည်။
“အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက လက်တွေ့ကျပြီး ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေကို မြင်တွေ့လိုပါတယ်။ အထူးသဖြင့် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို အပြီးတိုင်ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ လိုအပ်တဲ့နေရာတိုင်းကို လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နိုင်ဖို့ ဖြစ်ပါတယ်” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
မြန်မာနိုင်ငံသည် အာဆီယံ၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ပြီး လာမည့်လများအတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးတွင် တိုး တက်မှုများ ရှိလာရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အဓိက သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သည့် နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ထုတ်ပြန်ပြောဆိုထားသည်။
အကြမ်းဖက်စစ်တပ်ကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေမျိုး အစ်မကဲ့သို့ စောင့်ရှောက်ထားပြီး ကျန်းမာရေးကောင်းမွန်ကြောင်းသာ မြန်မာစစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးဆိုသူ တင်မောင်ဆွေက ပြောဆိုသွားသည်