အာရက္ခထီ ဆုကြေးကို ကျပ်သိန်း ၅၀၀ ကနေ ၇၅၀ အထိ တိုးမြှင့်တော့မယ်
ဇူလိုင်-၄၊ ၂၀၂၆ ။ ခိုင်မြတ်/People’s Spring
အာရက္ခတပ်တော်(AA)က ရောင်းချနေတဲ့ အာရက္ခလောင်ပေါ်(ထီ)ပထမဆုကို ပြီးခဲ့တဲ့လက ကျပ်သိန်း ၅၀၀ သာ ပေးခဲ့ရာကနေ အခုလာမယ့်လကစပြီး ကျပ်သိန်း ၇၅၀ အထိ တိုးမြှင့်ပေးသွားတော့မယ်လို့ AA ရဲ့ အခွန်ဌာနက အသိပေးပါတယ်။
AA ဟာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ပထမဆုံးအကြိမ် အာရက္ခထီကို စတင်ရောင်းချဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ် ထီရောင်းမယ့် အခုဇူလိုင်လအတွက် ဆုကြေးငွေကို တိုးမြှင့်ပေးလိုက်တာပါ။
“ထီက ထင်ထားတာထက် ပိုရောင်းရတယ်။ လမကုန်ခင် ထီလက်မှတ်တွေ ကုန်သွားတဲ့အထိပဲ။ အဲဒါကြောင့် ဆုကြေးကိုလည်း တိုးလိုက်တာ။ တဖြေးဖြေးနဲ့ အခုထက် ဆုကြေးတွေ တိုးလာမယ်၊ ဆုအရေအတွက်တွေလည်း တိုးလာဖို့ရှိတယ်”လို့ AA လက်အောက်ခံ အခွန်ဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
AA ဟာ ပထမဆုံးထီဖွင့်တဲ့လမှာ ထီဆုတွေအနေနဲ့ ဂဏန်းခြောက်လုံးတူ ပထမဆု ကျပ်သိန်း ၅၀၀၊ ဂဏန်းခြောက်လုံးတူ ဒုတိယဆု ကျပ်သိန်း ၃၀၀၊ ဂဏန်းခြောက်လုံးတူ တတိယဆု ကျပ်သိန်း ၁၀၀နဲ့ ကျပ်သိန်း ၅၀ တန် စတုတ္ထဆု ၆ဆု၊ ကျပ်ဆယ်သိန်းတန် ပဉ္စမဆု ၁၀ဆု၊ ကျပ်ငါးသိန်းတန် ဆဌမဆု ၂၀ဆု၊ စုစုပေါင်း ဆု ၃၉ ဆု ပါဝင်ခဲ့ပါတယ်။
အခုလာမယ့် ဒုတိယမြောက်လမှာတော့ ပထမဆုကို တိုးမြှင့်လိုက်ပြီး ကျန်ဆုကြေးတွေကတော့ အရင်အတိုင်းပဲ ရှိနေဦးမယ်လို့ သိရပါတယ်။ လက်ရှိမှာ ဇူလိုင်အတွက် ထီလက်မှတ်တွေကိုလည်း သက်ဆိုင်ရာမြို့နယ်အလိုက် စတင် ရောင်းချနေပြီဖြစ်ပြီး ထီလက်မှတ်စျေးနှုန်းကတော့ အရင်လကအတိုင်း တစောင်ကို ကျပ်တထောင်လို့ အခွန်ဌာန ဝန်ထမ်းတွေက ပြောကြပါတယ်။
အခုလို ဆုကြေးပမာဏတိုးမြှင့်လိုက်တဲ့အပေါ် ကြိုဆိုပြီး ဆုကြေးပမာဏကို အခုထက်ပိုတိုးပေးရင် ပိုကောင်းမယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ဆုကြေးတိုးလိုက်တော့ ထိုးတဲ့သူတွေမှာ မျှော်လင့်ချက်ပိုရှိတာပေ့ါ။ ဒါပေမဲ့ ဒီထက်ပိုတိုးပေးလို့ရရင် တိုးပေး စေချင်တယ်။ ပထမဆုကို ထောင်ဂဏန်းလောက်ပေ့ါနော်။ ပြီးရင် ငါးသောင်း၊ တသိန်းစတဲ့ ဆုအငယ်လေးတွေပါ ထည့်ပေးစေချင်တယ်” လို့ မြေပုံမြို့မှ မနှင်းဝေက ပြောပါတယ်။
ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထားတဲ့ AAဟာ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာနအောက်မှာ လောင်ပေါ်(ထီ)ဌာနခွဲကို အသစ်ဖွဲ့စည်းကာ တလမှာတကြိမ်ဖွင့်လှစ်မယ့် အာရက္ခလောင်ပေါ်(အာရက္ခထီ)ကို ပြီးခဲ့တဲ့ ဇွန်လမှာ စတင်ရောင်းချ၊ ဖွင့်လှစ်ခဲ့တာပါ။
အဲဒီဇွန်လအတွက် ပထမဆု ကျပ်သိန်း ၅၀၀ ကို ကျောက်တော်မြို့မှ ဒေါ်မသန်းရီက ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယဆု ကျပ်သိန်း ၃၀၀ ကိုတော့ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ ရရှိခဲ့ပါတယ်။
အာရက္ခတပ်တော်(AA)က ရောင်းချနေတဲ့ ထီလက်မှတ်တွေကို ပထမဆုံးလမှာ စိတ်ဝင်တစားဝယ်ယူသူအများအပြားရှိနေပြီး ရခိုင်ပြည်တွင်းအပြင် ပြည်မနဲ့ ပြည်ပရောက်နေသူတွေပါ ဝယ်ယူကြတယ်လို့ ထီလက်မှတ်ရောင်းချသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
AAအနေနဲ့ ထီလက်မှတ်တွေ ရောင်းချရတာဟာ ထီရောင်းရာကနေ ရတဲ့အခွန်ငွေတွေကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ရောင်းချတာလို့ ဗဟို အကောက်ခွန်နဲ့ အခွန်ဌာန၊ ထီဌာနခွဲက အသိပေးထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း ဒေသခံတွေဟာ အာဏာသိမ်းစစ်တပ် ရောင်းချတဲ့ထီတွေ မထိုးကြတော့ဘဲ နှစ်လုံး၊ သုံးလုံး ချဲထီတွေ ထိုးလာကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။
အခု အာရက္ခလောင်ပေါ်(ထီ)လက်မှတ်တွေ ရောင်းချတဲ့အခါမှာတော့ ချဲထီတွေလည်း အတိုင်းအတာတခုထိ လျော့နည်းသွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်း မြို့တွေ သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေ၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ တစတစတိုးချဲ့ ဆောင်ရွက်လာနေခဲ့တာဖြစ်ပါတယ်။
(ဇူလိုင် ၁ရက်က ပထမအကြိမ် အာရက္ခလောင်ပေါ်ဖွင့်ပွဲပြုလုပ်နေစဥ်။ ဓာတ်ပုံ – Screen grab)