တရုတ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံသစ် အကောင်အထည်ဖော်ရန် စီစဉ်နေပြီး ကူမင်း-မန္တလေး-ကျောက်ဖြူ-စစ်တကောင်းနှင့်ကော့စ်ဘဇားဒေသတို့ကို ချိတ်ဆက်မည်

တရုတ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံသစ် အကောင်အထည်ဖော်ရန် စီစဉ်နေပြီး ကူမင်း-မန္တလေး-ကျောက်ဖြူ-စစ်တကောင်းနှင့်ကော့စ်ဘဇားဒေသတို့ကို ချိတ်ဆက်မည်
ရန်ကုန်၊ ဇူလိုင် ၄
တရုတ်နိုင်ငံက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို ချိတ်ဆက်မည့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ (China-Myanmar-Bangladesh Economic Corridor – CMBC) စီမံကိန်းကို ပြန်လည်အသက်သွင်းရန် စီစဉ်နေပြီး၊ အဆိုပါစီမံကိန်းသည် အိန္ဒိယ၏ အရှေ့ဘက် မဟာဗျူဟာနှင့် ဒေသတွင်း အင်အားချိန်ခွင်လျှာအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရီကီ ရာမန် (Tarique Rahman) ၏ ပေကျင်းခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရာ၌ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း ချိတ်ဆက်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် စီမံကိန်းကို ရှေ့ဆက်ဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ် ယော်ဝမ် (Yao Wen) က ယခင်က ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစင်္ကြံကို လွန်ခဲ့သည့် ၁၅ နှစ်ခန့်က အဆိုပြုခဲ့ဖူးပြီး တိုးတက်မှုအချို့ ရရှိခဲ့သော်လည်း မျှော်မှန်းထားသည့် ရလဒ်များ မရရှိခဲ့ကြောင်း ပြောဆိုသည်။
၎င်းက အိန္ဒိယအနေဖြင့် ပါဝင်လိုပါက စီမံကိန်းကို ဖွင့်လှစ်ထားကြောင်းလည်း ပြောဆိုခဲ့ပြီး စင်္ကြံ၏ ရည်ရွယ်ချက်မှာ ဒေသတွင်း ချိတ်ဆက်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပြုထားသည့် စီမံကိန်းအရ စင်္ကြံသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှ စတင်ကာ မြန်မာနိုင်ငံ မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ရန်ကုန်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းသို့ လမ်းကြောင်းနှစ်ခုခွဲထွက်မည်ဖြစ်သည်။ ထို့နောက် ရခိုင်ပြည်နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း (Chattogram) နှင့် ကော့စ်ဘဇား (Cox’s Bazar) ဒေသများအထိ ဆက်လက်ချိတ်ဆက်ကာ ဘင်္ဂလားပင်လယ်အော်ရှိ စစ်တကောင်းနှင့် မုံဂလာဆိပ်ကမ်းများသို့ တရုတ်နိုင်ငံက တိုက်ရိုက်ဝင်ရောက်နိုင်မည့် လမ်းကြောင်းတစ်ခု ဖော်ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ယခု CMBC စီမံကိန်းသည် ၁၉၉၀ ပြည့်နှစ်များအတွင်း အဆိုပြုခဲ့သော BCIM စီးပွားရေးစင်္ကြံ ကို အမည်ပြောင်း ပြန်လည်အသက်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ မူလ BCIM စီမံကိန်းမှာ ကူမင်းမြို့မှ မန္တလေး၊ ဒါကာမြို့တို့ကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့အထိ ဆက်သွယ်ရန် ရည်ရွယ်ခဲ့သော်လည်း အိန္ဒိယက တရုတ်၏ Belt and Road Initiative (BRI) စီမံကိန်းအပေါ် သတိထားလာခြင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာခြင်းကြောင့် ၂၀၁၉ ခုနှစ်တွင် တရားဝင် BRI စီမံကိန်းစာရင်းမှ ဖယ်ရှားခံခဲ့ရသည်။
သို့သော် စီမံကိန်း၏ အဓိကလမ်းကြောင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိတွင် ရခိုင်ဒေသသည် မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားနေသည့် ဒေသများအနက် တစ်ခုဖြစ်နေသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ၂၀၂၆ ခုနှစ် အစီရင်ခံစာအရ မြန်မာစစ်ကောင်စီသည် နိုင်ငံပိုင်နက်၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များက ၄၂ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားကာ ကျန်ဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်တွင် မြန်မာနှင့်တရုတ်တို့ လက်မှတ်ရေးထိုးခဲ့သည့် မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း သည်လည်း လက်ရှိအချိန်အထိ ဆောက်လုပ်ရေးအချိန်ဇယား ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ခါလီလူရာ ရာမန် (Khalilur Rahman) ကလည်း ၎င်းတို့အနေဖြင့် CMBC စီမံကိန်းကို လေ့လာသုံးသပ်နေဆဲဖြစ်ပြီး တရားဝင်ဆုံးဖြတ်ချက် မချရသေးကြောင်း၊ ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ပြန်လည်ရရှိမှသာ မြေပြင်လမ်းကြောင်းချိတ်ဆက်ရေးကို စဉ်းစားနိုင်မည်ဟု ပြောဆိုထားသည်။
လေ့လာသူများက ယခုစီမံကိန်းသည် တရုတ်နိုင်ငံက အနောက်ဘက်တွင် တရုတ်-ပါကစ္စတန် စီးပွား ရေးစင်္ကြံ (CPEC) မှတစ်ဆင့် အာရေဗျပင်လယ်သို့ ဝင်ရောက်နိုင်သကဲ့သို့ အရှေ့ဘက်တွင်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်သို့ တိုက်ရိုက်ဝင်ရောက်နိုင်မည့် မဟာ ဗျူဟာမြောက် လမ်းကြောင်းကို ဖော်ဆောင်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း သုံးသပ်ထားကြသည်။
အိန္ဒိယကမူ CPEC စီမံကိန်းသည် ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသကို ဖြတ်သန်းနေသဖြင့် ကန့်ကွက်ထားပြီး၊ CMBC စီမံကိန်းသည်လည်း အိန္ဒိယ၏ အရှေ့ဘက် ပထဝီနိုင်ငံရေး အကျိုးစီးပွားအပေါ် သက်ရောက်လာနိုင်သည့် စီမံကိန်းတစ်ခုအဖြစ် ရှုမြင်နေကြောင်း နိုင်ငံတကာသုံးသပ်သူများက ပြောဆိုထားသည်။