ရန်ကုန်တွင် ယနေ့နံနက် ၆ နာရီ ၅၀ မိနစ်ခန့်အချိန် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတချို့ အဆောက်အအုံများမှ ပြေးဆင်းလာရ

ရန်ကုန်တွင် ယနေ့နံနက် ၆ နာရီ ၅၀ မိနစ်ခန့်အချိန် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတချို့ အဆောက်အအုံများမှ ပြေးဆင်းလာရ
ရန်ကုန်၊ ဇူလိုင် ၄
ရန်ကုန်မြို့တွင် ယနေ့ ဇူလိုင် ၄ ရက် နံနက် ၆ နာရီ ၅၀ မိနစ်ခန့်အချိန် သိသာသော ငလျင်လှုပ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး အထပ်မြင့်တိုက်ခန်းများ၊ ရုံးအဆောက်အအုံများနှင့် ကွန်ဒိုများတွင် နေထိုင်သော ပြည်သူတချို့ ပြေးဆင်းမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ငလျင်လှုပ်ခတ်ချိန်တွင် အဆောက်အအုံများ လှုပ်ယမ်းမှုကို သိသိသာသာ ခံစား ခဲ့ရသဖြင့် ပြည်သူအများအပြားက အဆောက်အအုံများအတွင်းမှ လှေကားများအသုံးပြု၍ အောက်သို့ အလျင်အမြန် ဆင်းပြေးခဲ့ကြကြောင်း သိရသည်။
“မနက် ၆ နာရီ ၅၀ လောက်မှာ အဆောက်အအုံတစ်ခုလုံး လှုပ်သွားတာ သိသာတယ်။ အားလုံးက ငလျင်လှုပ်တယ်ဆိုပြီး ချက်ချင်းအောက်ကို ဆင်းပြေးကြတယ်” ဟု ရန်ကုန်မြို့၊ စမ်းချောင်းမှ ဒေသခံတစ်ဦးက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ ဇူလိုင် ၄ ရက် နံနက် ၆ နာရီ ၅၁ မိနစ် ၈ စက္ကန့်အချိန် ရန်ကုန်တိုင်း၊ ထန်းတပင်မြို့၏ တောင်-အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ၊ငလျင်သည် အနက် ၁၅ ကီလိုမီတာတွင် ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့ရှိ နေရာအချို့တွင်လည်း လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း သိရှိရသည်။
ယခုငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများအကြား စိုးရိမ်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့တွင် သိသာသော ငလျင်များ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရှီရသည်။