ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးဆိုးရွားလာနေသည်ဆိုသော သားဖြစ်သူ၏ ပြောဆိုချက်ကို ကျန်းမာရေး ကောင်းမွန်သည်ဟု အကြမ်းဖက်စစ်တပ်က တုံ့ပြန်သော်လည်း သက်သေမပြနိုင်၊ ပြစ်ဒဏ်ကျခံနေရသူဖြစ်၍ အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်မပေးနိုင်ဟုဆို

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးဆိုးရွားလာနေသည်ဆိုသော သားဖြစ်သူ၏ ပြောဆိုချက်ကို ကျန်းမာရေး ကောင်းမွန်သည်ဟု အကြမ်းဖက်စစ်တပ်က တုံ့ပြန်သော်လည်း သက်သေမပြနိုင်၊ ပြစ်ဒဏ်ကျခံနေရသူဖြစ်၍ အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်မပေးနိုင်ဟုဆို
ရန်ကုန်၊ ဇွန် ၃၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးဆိုးရွားလာနေသည်ဆိုသော သား ဖြစ်သူကင်မ်အဲရစ်၏ ပြောဆိုချက်များအပေါ် စစ်တပ်က ငြင်းဆို​ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်သည်ဟု အကြမ်းဖက် မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ခိုင်ခိုင်စိုးက ပြောဆိုသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းချက်ကို အကြမ်းဖက် ခိုင်ခိုင်စိုးက ယင်းကဲ့သို့ တုံ့ပြန်ပြောကြားလာခြင်းဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ ဘာမှပြဿနာမရှိပါဘူး။ အပြည့်အဝကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်နေပါတယ်” ဟု အကြမ်းဖက် ခိုင်ခိုင်စိုးက ပြောကြားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ၏ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိအပေါ် မေးမြန်းမှုများနှင့်ပတ်သက်၍ အကြမ်းဖက် ခိုင်ခိုင်စိုးက ဒေါ်အောင်ဆန်းစုကြည် သည် ပြစ်ဒဏ်ကျခံနေရသူဖြစ်သဖြင့် ဥပဒေနှင့်အညီ ပြစ်ဒဏ်ကျခံပြီးနောက်တွင်သာ တွေ့ဆုံခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေ အနေ ဆိုးရွားလာနေသည်ဆိုသော သတင်းများ ရရှိထားကြောင်း သားဖြစ်သူ ကင်မ် အဲရစ် (Kim Aris) က ပြောဆိုထားသည်။
သားဖြစ်သူ ကင်မ် အဲရစ်က ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားခြင်းမရှိဘဲ နေပြည်တော်အကျဉ်းထောင်တွင်သာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု မိမိယုံကြည်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် နှလုံးရောဂါနှင့် အသက်အရွယ်ကြောင့် ဖြစ်ပွားလာသည့် အရိုးပွရောဂါတို့ကို ခံစားနေရကြောင်း မိမိသိရှိထားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရနိုင်သည့် အကျဉ်းထောင်၏ အခြေ အနေမှာလည်း “အလွန်ဆိုးရွားသည်” ဟု အကျဉ်းထောင်မှ လွတ်မြောက်လာသူတစ်ဦးထံမှ သိရှိထားကြောင်း ကင်မ် အဲရစ်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယနေ့အချိန်အထိ အကျဉ်းကျခံနေရဆဲဖြစ်သည်။ ၎င်းသည် ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်တွင် ရွေးကောက်ခံအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။