ဒလမြို့နယ်ရှိ “ပြည့်ဝ” ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦး အသတ်ခံရမှုမှာ အလုပ်သမားဟောင်းက ငွေချေးမရသဖြင့် ကြိုတင်ကြံစည် လုပ်ကြံသတ်ဖြတ်မှုအဖြစ် စစ်ဆေးပေါ်ပေါက်
ရန်ကုန်၊ ဇွန် ၃၀






ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ၊ ရာဇသင်္ကြန်ရပ်ကွက် ရှိ “ပြည့်ဝ” ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦး အသတ် ခံရမှုမှာ အလုပ်သမားဟောင်းက ငွေချေးမရသဖြင့် ကြိုတင်ကြံစည် လုပ်ကြံသတ်ဖြတ်မှုအဖြစ် စစ်ဆေးပေါ်ပေါက်လာကြောင်း ရာဇသင်္ကြန်ရပ်ကွက်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့ ညပိုင်း ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်၊ အုတ်လှငယ်လမ်း၊ အမှတ် (၂၉၀) နေအိမ်တွင် ပြည့်ဝကုန်စုံဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသည့် ဦးအောင်ကျော်ကျော်နှင့် ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်ထွန်း ၂ ဦးမှာ အသတ်ခံခဲ့ရခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ ဦးအောင်ကျော်ကျော်နှင့် ဒေါ်နွယ်နွယ်ထွန်းတို့သည် နေအိမ်ဒုတိယထပ်ရှိ ဘုရားခန်းအတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေခဲ့ပြီး ရေချိုးခန်းအတွင်း သွေးစွန်းနေသည့် အသွား ၆ လက်မခန့်ရှိ ဓားတစ်ချောင်းနှင့် စကေးဘာတစ်ချောင်းကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ထို့နောက် နေအိမ်အတွင်း တပ်ဆင်ထားသည့် CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ရာ ဇွန်လ ၂၅ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် လွန်ခဲ့သည့် ၈ လခန့်က အလုပ်မှ ထွက်ခွာသွားခဲ့သည့် ဆိုင်ဝန်ထမ်းဟောင်းများဖြစ်သော ဗိုလ်ထီး (ခ) မျိုးဇော်နှင့် ငမျိုး (ခ) မျိုးဇော်အောင်တို့ နှစ်ဦးသည် နေအိမ်အတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့ကြောင်း ၊ ထို့နောက် ၎င်းတို့ ၂ ဦးကို ဖမ်းဆီးစစ်ဆေးရာမှ ဆိုင်ပိုင်ရှင် လင်မယားကို သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့ကြကြောင်း သိရှိရသည်။
လူသတ်မှုကို ကျူးလွန်ခဲ့သူမှာ အဆိုပါကုန်စုံဆိုင်တွင် ယခင်က အလုပ်လုပ်ခဲ့ဖူးသည့် ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး၊ မကျူးလွန်မီ သုံးရက်ခန့်အလိုကတည်းက ညစဉ် ညဉ့်နက်လာသည်အထိ အဖော်တစ်ဦးနှင့်အတူ ဆိုင်သို့ လာရောက်လည်ပတ်ကာ အခြေအနေကို စောင့်ကြည့်၍ ကြိုတင်အစီအစဉ်ချခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၅ ရက် ည ၁၀ နာရီကျော်တွင် ဝန်ထမ်းဟောင်းက ဆိုင်အောက်သို့ ရောက်နေကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့ရာ စိတ်သဘောထားကောင်းမွန်သည့် ဆိုင်ပိုင်ရှင် ဦးအောင်ကျော်ကျော်က အောက်ထပ်သို့ ဆင်း၍ တံခါးဖွင့်ပေးခဲ့ကြောင်း CCTV မှတ်တမ်းများတွင် တွေ့ရသည်။
CCTV အရ ည ၁၀ နာရီ ၁၁ မိနစ် ၅၂ စက္ကန့်တွင် ဝန်ထမ်းဟောင်းက အိမ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး၊ ည ၁၀ နာရီ ၁၂ မိနစ် ၂၀ စက္ကန့်တွင် အဖော်ဖြစ်သူ အမျိုးသားတစ်ဦးလည်း ဆက်လက်ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။
နေအိမ်ထဲသို့ ရောက်ရှိချိန်တွင် ဆိုင်ပိုင်ရှင် ဦးအောင်ကျော်ကျော်က “မင်းတို့ ထမင်းစားပြီးပြီလား” ဟု မေးမြန်းခဲ့ပြီး ၎င်းတို့က စားလာပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဝန်ထမ်းဟောင်းများသည် ၂၀၂၁ ခုနှစ်ကတည်းက ဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးပြီး လွန်ခဲ့သည့် ၆ လခန့်က မိခင်နှင့်အတူ လှိုင်သာယာသို့ ပြောင်းရွှေ့သွားသဖြင့် အလုပ်ထွက်ခဲ့သူဖြစ်ကြောင်း၊ ဖခင်မှာ ဒလမြို့နယ်တွင် နေထိုင်ဆဲဖြစ်သဖြင့် မကြာခဏ ဆိုင်သို့ လာရောက်လေ့ရှိကာ ငွေကြေးအခက်အခဲရှိတိုင်း ဆိုင်ပိုင်ရှင်လင်မယားက ငွေချေးပေးခဲ့ကြောင်း သိရသည်။
ယင်းညတွင် ဝန်ထမ်းဟောင်းက ထပ်မံငွေချေးခဲ့ရာ မချေးပေးတော့သဖြင့် ဆိုင်ပိုင်ရှင် လင်မယားကို သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုထားသည်။
ဆိုင်ပိုင်ရှင် ဦးအောင်ကျော်ကျော် ဘုရားရှိခိုးနေစဉ် ဝန်ထမ်းဟောင်းက နောက်ဘက်မှ လည်ပင်းကို ဓားဖြင့် ထိုးခဲ့ပြီး၊ အခြားဝန်ထမ်းဟောင်းကလည်း ဆန်ထိုးပိုက်ဖြင့် နောက်ကျောကို အကြိမ်ကြိမ် ထိုးခဲ့ကြောင်း သိရှိရသည်။
ဆိုင်ပိုင်ရှင် ဇနီးဖြစ်သူ မနွယ်နွယ်ဝင်းကိုလည်း ဓားဖြင့် ထိုးခဲ့ပြီး၊ ၎င်းမှာ ချက်ချင်းမသေဆုံးသဖြင့် ပြတင်းပေါက်မှ အကူအညီတောင်းရန် ကြိုးပမ်းစဉ် လက်သီးဖြင့် ထိုးနှက်ကာ ဓားဖြင့် ထပ်မံအကြိမ်ကြိမ် ထိုးသတ်ခဲ့ကြောင်း သိရှိရသည်။
အခင်းဖြစ်ပွားသည့် နေအိမ်၏ဘေးတစ်ဖက်မှာ လမ်းဖြစ်ပြီး ကျန်တစ်ဖက်တွင် လူနေအိမ်မရှိသည့်အပြင် အော်ဟစ်သံထွက်ပြီး မကြာမီ အိမ်တွင်းမီးများ မှိတ်သွားသဖြင့် ပတ်ဝန်းကျင်ကလင်မယားရန်ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြောင်း သိရှိရသည်။
လူသတ်သမားနှစ်ဦးသည် လင်မယားနှစ်ဦးကို သတ်ဖြတ်ပြီးနောက် အိမ်အတွင်း အခြားလူရှိ၊ မရှိကို အခန်းတံခါးများ ဖွင့်လှစ်ရှာဖွေခဲ့ကြောင်း၊ ဦးအောင်ကျော်ကျော်၏ မိခင်မှာ အခြားတစ်နေရာသို့ သွားရောက်နေသည်မှာ ၃ ရက်ခန့်ရှိနေသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျူးလွန်သူများသည် လျှပ်စစ်မိန်းခလုတ်ကို ချထားခဲ့ပြီး၊ လူသတ်ရာတွင် အသုံးပြုခဲ့သည့် ဓားနှင့် ဆန်ထိုးပိုက်ကို ဘေစင်တွင် ဆေးကြောထားခဲ့ကာ ဆိုင်၏ တစ်နေ့တာရောင်းရငွေများကို ယူဆောင်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦး အလုပ်ဆင်းလာရာ ဆိုင်တံခါးဖွင့်ထားသည်ကို တွေ့သဖြင့် အတွင်းသို့ ဝင်ရောက်ကြည့်ရှုခဲ့ရာ အပေါ်ထပ်၌ ဆိုင်ပိုင်ရှင်လင်မယား သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ လင်မယားတွင် အမွှာသားနှစ်ဦးရှိပြီး ၎င်းတို့မှာ ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသူများဖြစ်ကာ မိဘနှစ်ပါး သေဆုံးသည့်သတင်းကို သိရှိပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ နာရေး သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။