ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်တွင် ညပိုင်း ပျူစောထီးများ ကင်းလှည့်နေချိန် ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယား ရက်ရက်စက်စက် အသတ်ခံရ

ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်တွင် ညပိုင်း ပျူစောထီးများ ကင်းလှည့်နေချိန် ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယား ရက်ရက်စက်စက် အသတ်ခံရ
ရန်ကုန်၊ ဇွန် ၂၆
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးသည် နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၂၅ ရက် ညပိုင်းတွင် နေအိမ်ဧည့်ခန်းရှေ့၌ သေဆုံးသူ ဆိုင်ပိုင်ရှင် နှစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံးတွင် ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ ကျူးလွန်သူကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ဒေသခံတစ်ဦးက “ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်မှာ ပြည့်ဝကုန်စုံဆိုင်က အန်တီနဲ့ ဦးလေး အသတ်ခံရပါတယ်။ အန်တီက စကားပြောရင် အမြဲပြုံးပြုံးချိုချိုနဲ့ ဆက်ဆံတတ်တယ်။ ဒီမနက် အသတ်ခံရတာလို့ သိရတယ်။ ကုန်စုံဆိုင်ဖွင့်ထားပေမယ့် စီးပွားရေးအဆင်ပြေပြီး နှစ်ထပ်တိုက်နဲ့ နေကြတာပါ” ဟု ပြောသည်။
ဆိုင်ရှင် ၂ ဦး အသတ်ခံရချိန်နှင့် အသတ်ခံရသည့် နေအိမ်ထိပ်တွင် မီးကင်းတဲများရှိနေပြီး ပျူစောထီးများက ညလုံးပေါက် ကင်းလှည့်နေကြသည့်ကြားမှာ လူသတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းက “အခုထိ ဘယ်သူသတ်တယ်ဆိုတာ မသိသေးဘူး၊ စုံစမ်းနေတုန်းပဲ။ ရပ်ကွက်ထဲမှာလည်း မီးကင်းစောင့်တွေ၊ ပျူစောထီးကင်းတွေ ရပ်ကွက်ထိပ်တိုင်းမှာ ရှိတယ်။ မီးကင်းဖိုးကိုလည်း အမြဲကောက်ခံတယ်။ ဒါပေမယ့် အခုလို လူသတ်မှုဖြစ်သွားတယ်။ အလုပ် သမားက သတ်တာလို့လည်း ပြောနေကြပေမယ့် ဒီအမှုက အဲဒီလောက်တော့ မရိုးရှင်းဘူးလို့ ထင်ပါတယ်” ဟု ဆိုသည်။
အသတ်ခံရသော ဆိုင်ရှင်လင်မယားသည် အနေအေးသူများဖြစ်ပြီး ပတ်ဝန်းကျင်နှင့်အဆင်ပြေကာ ရန်ငြိုးရန်စမရှိသူများဖြစ်ကြောင်း သိရှိရသည်။
သေဆုံးသူလင်မယားနှင့်ပတ်သက်၍ ပြည်သူတူစ်ဦးက “ဦးလေးက စကားနည်းပေမယ့် အေးအေး ဆေးဆေး နေတတ်တယ်။ အန်တီကတော့ အမြဲပြုံးပြုံးရွှင်ရွှင်နဲ့ ဖောက်သည်တွေကို ဆက်ဆံတယ်။ ပြည့်ဝကုန်စုံဆိုင်ဆိုရင် ဒလဘက်မှာ လူတော်တော်များများ သိကြပါတယ်” ဟုလည်း ပြောဆိုသည်။
လက်ရှိအချိန်အထိ လင်မယားနှစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲနှင့်စစ်တပ်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။