ကမ္ဘာ့ရေနံဈေး ကျဆင်းသော်လည်း မြန်မာတွင် စုံ/မစနစ်နှင့် QR စနစ်များ မဖျက်ဘဲ ဆီခွဲတမ်းများ ထပ်မံလျှော့ချသဖြင့် စက်သုံးဆီ ယာယီပြတ်လပ်မှုများ ပြန်လည်ဖြစ်ပွား၊ မင်းအောင်လှိုင်၏ ဒေါ်လာချွေတာရေးကြောင့် ပြဿနာပြေလည်ရန် လမ်းမမြင်ဟုဆို

ကမ္ဘာ့ရေနံဈေး ကျဆင်းသော်လည်း မြန်မာတွင် စုံ/မစနစ်နှင့် QR စနစ်များ မဖျက်ဘဲ ဆီခွဲတမ်းများ ထပ်မံလျှော့ချသဖြင့် စက်သုံးဆီ ယာယီပြတ်လပ်မှုများ ပြန်လည်ဖြစ်ပွား၊ မင်းအောင်လှိုင်၏ ဒေါ်လာချွေတာရေးကြောင့် ပြဿနာပြေလည်ရန် လမ်းမမြင်ဟုဆို
ရန်ကုန်၊ ဇွန် ၂၅
အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး သဘောတူညီချက် ရရှိသွားသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းနေချိန် မြန်မာနိုင်ငံတွင်မူ စုံ/မစနစ်နှင့် QR စနစ်များကို ပယ်ဖျက်ခြင်းမပြုသည့်အပြင်၊ စက်သုံးဆီခွဲတမ်းများကို ထပ်မံလျှော့ချလိုက်သဖြင့် စက်သုံးဆီ ယာယီပြတ်လပ်မှုအချို့ ပြန်လည်ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) သတင်းရင်းမြစ်က ပြောသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူးကို အတင်းအကျပ် ရယူခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကတည်းက နိုင်ငံခြားငွေ ချွေတာရေး ရက် ၁၀၀ စီမံချက်ဖြင့် စက်သုံးဆီခွဲတမ်းများကို လျှော့ချခဲ့ရာ ယခုသီတင်းပတ် စက်သုံးဆီခွဲတမ်း PO 26 တွင်လည်း စစ်ကောင်စီက စက်သုံးဆီချထားပေးမှုများကို ထပ်မံလျှော့ချခဲ့ပြန်သည်။
အရှေ့အလယ်ပိုင်း စစ်ပွဲများ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရရှိသွားသဖြင့် နိုင်ငံတကာတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းကာ ဆီပြဿနာ လျော့နည်းလာနေသော်လည်း၊ မြန်မာနိုင်ငံတွင်မူ စက်သုံးဆီချွေတာရေးစီမံချက်ကို ပြုပြင်ပြောင်းလဲခြင်းမလုပ်ဘဲ ဆက်လက်ကျင့်သုံးနေခြင်း ဖြစ်သည်။
“ဒီတစ်ပတ် PO 26 မှာလည်း ခွဲတမ်းတွေ တော်တော်လျှော့တယ်။ ဒေါ်လာမရှိတာနဲ့ ဘယ်နိုင်ငံမှမရှိတဲ့ QR စနစ်ကိုရော၊ စုံ/မစနစ်ကိုရော ဆက်ပြီးကျင့်သုံးနေတယ်။ ဆီချွေတာနေတာတောင် ခွဲတမ်းက လုံလုံလောက်လောက် မချပေးဘူး။ QR ဖတ်သလောက်ပဲ ဆီပေးမယ်ဆိုတော့ PO ခွဲတမ်းတွေက တောက်လျှောက် လျှော့ချခံနေရတယ်။ အဲဒါကြောင့် ဆီရဖို့ ဆီဘောက်ဆာတွေ အကြာကြီး တန်းစီစောင့်နေရပြီး ဆီအဝင်လည်းနည်းတယ်” ဟု MPTA သတင်းရင်းမြစ်က ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ပြတ်လပ်မှုပြဿနာမှာ အီရန်စစ်ပွဲကြောင့် မဟုတ်တော့ဘဲ အကြမ်းဖက် မင်းအောင်လှိုင်၏ ဒေါ်လာငွေ နှင့် စက်သုံးဆီ ချွေတာရေးစီမံချက်ကြောင့်သာ ဖြစ်ကြောင်း၊ ကမ္ဘာတွင် ဆီပြဿနာပြေလည်ပြီး ဈေးနှုန်းများ ကျဆင်းနေသော်လည်း မြန်မာနိုင်ငံတွင် ထိပ်ဆုံးကဦးဆောင်သူများက ၎င်းတို့အိတ်ထဲက ဒေါ်လာမထွက်ရေးကိုသာ ဦးစားပေးနေပြီး၊ ပြည်သူများ ဒုက္ခရောက်ကာ စီးပွားရေးလည်ပတ်မှု ကျုံ့ဝင်နေသည်ကို လျစ်လျူရှုထားသဖြင့် ချွေတာရေးစီမံချက် ရှိနေသမျှ ကာလပတ်လုံး စက်သုံးဆီပြဿနာ ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့နှင့် မြို့ကြီးများရှိ စက်သုံးဆီဆိုင်အချို့တွင် ဆီအဝင်နည်းခြင်းနှင့် ခွဲတမ်းလျှော့ချခံရခြင်းတို့ကြောင့် ယာယီပြတ်လပ်မှုများ ဖြစ်ပေါ်နေသော်လည်း၊ တစ်ဖက်တွင်မူ BOC၊ Denko၊ MAX စသည့် ခရိုနီစက်သုံးဆီကုမ္ပဏီကြီးများမှာ အခွင့်ထူးခံရရှိနေကြသည်။
အဆိုပါ ကုမ္ပဏီကြီးများသည် ခွဲတမ်းပိုမိုရရှိရေးနှင့် မလျှော့ချခံရစေရေးအတွက် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်နေကြကြောင်း သိရသည်။
“ဆီဆိုင်တွေကို မပိတ်ပိတ်အောင် သူတို့ကိုယ်တိုင်လုပ်ပြီး လူတွေကို တခြားအာရုံမရောက်ဘဲ စက်သုံးဆီနဲ့ပဲ ပြဿနာတက်နေအောင် လုပ်နေတာ။ သူတို့နဲ့ပေါင်းထားတဲ့ ခရိုနီကုမ္ပဏီတွေကျတော့ ဆိုင် QR စကင်တွေကို စွမ်းအင်ဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DIO) နဲ့ ပြန်ညှိပြီး ခွဲတမ်းတွေ ပို့ပေးတယ်။ ဥပမာ- BOC ဆီဆိုင်ဆိုရင် ခွဲတမ်းဆီပေါသလောက် ဆိုင်ပိတ်တာလည်း စောတယ်။ နောက် ပြီး ဆီဘောက်ဆာကားတွေပါ QR Scan ဖတ်ခိုင်းပြီး ဆီဆိုင်တွေကို ရောက်၊ မရောက် စစ်တာ။ ဒေါ်လာမရှိတော့ ကမ္ဘာ့ဆီပြဿနာ ပြေလည်ရင်တောင် QR ရော၊ စုံ/မစနစ်ရော မဖျက်ဘူး။ ခွဲတမ်းလည်း မတိုးဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ ပုဂ္ဂလိက စက်သုံးဆီဆိုင်ငယ် (SME) များမှာမူ အရောင်းအဝယ်မကောင်းသည့်ကြားမှ နေ့စဉ်အရောင်းစာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ထွေအုပ်ရုံးနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) စသည့် ဌာနပေါင်းစုံသို့ မပျက်မကွက် ပို့ဆောင်နေရသည့်အပြင်၊ ဆီတင်ယာဉ် ရောက်ရှိကြောင်းပါ လိုက်လံသတင်းပို့နေရသဖြင့် လုပ်ငန်းခွင်အတွင်း ဖိအားမျိုးစုံနှင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စက်သုံးဆီခွဲတမ်း ချထားပေးမှုနှင့် ပတ်သက်၍ မမျှတမှုများ အကြီးအကျယ် ဖြစ်ပွားနေပြီး၊ ရှမ်းတောင်ပိုင်း DIO ညွှန်ကြားရေးမှူး ဦးမင်းမင်း အပါအဝင် တာဝန်ရှိသူများသည် SME ဆီဆိုင်ငယ်များ ရရှိရမည့် ခွဲတမ်းများကို ဖြတ်တောက်ကာ Denko နှင့် BOC ကဲ့သို့သော ကုမ္ပဏီကြီးများဘက်ကိုသာ ဘက်လိုက်ခွဲဝေပေးနေကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ဆီတင်သွင်းသူ (Importers) ကြီးများသည် စွမ်းအင်ဝန်ကြီးဌာနမှ လူကြီးများကို လိမ်လည်သတင်းပို့ကာ မိတ်ဖက်မဟုတ်သည့် ပြင်ပဆိုင်ငယ်များကို ဆီရောင်းချရာတွင် ကုန်းတွင်းဆီလှောင်စခန်း (Terminals) များမှ တည်နေရာ (Location) ပါတစ်ခါတည်း ရိုက်ထည့်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ကားများနှင့် အရောက်ပို့စနစ်ဖြင့် သတ်မှတ်ဈေးထက် အပိုဆောင်းဈေး (+ ဈေး) ယူကာ အမြတ်ထုတ် ရောင်းချနေကြကြောင်း ဒေသခံ ဆီဆိုင်ပိုင်ရှင်များက ဆိုသည်။
ကမ္ဘာ့စက်သုံးဆီဈေးကွက်တွင် ဆီဈေးနှုန်းများ ပြန်လည်ကျဆင်းနေသော်လည်း မြန်မာနိုင်ငံအတွင်း ၌မူ စနစ်ဆိုးနှင့် ကြိုးနီစနစ်များကြောင့် စက်သုံးဆီလုပ်ငန်းရှင်ငယ်များမှာ အရင်းပြုတ်မည့် အခြေ အနေနှင့် ရင်ဆိုင်နေရသည်ဟု ဆီဆိုင်ပိုင်ရှင်များက ဆိုသည်။
“ဒီအတိုင်းသာ ဆက်သွားရင် ရှေ့လျှောက် ပွင့်လင်းရာသီ ရောက်လာတဲ့အခါမှာ ဆီဆိုင်ငယ်တွေ လုပ်စားဖို့ နေနေသာသာ ရောင်းစရာ ဆီတောင် ရပါဦးမလား မသိတော့ဘူး” ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ထုတ်ဖော်ပြောဆိုသည်။
ဓာတ်ပုံ- ယနေ့ ရန်ကုန်မြို့ရှိ MAX ဆီဆိုင်တွင် ဒီဇယ်ဆီမှလွဲ၍ ဓာတ်ဆီများ ပြတ်လပ်နေစဉ်။