အာဏာရှင်ဟောင်း နေဝင်း၏မြေးများပိုင် Omni Focus YBS ကုမ္ပဏီက ဘတ်စ်ကား ၅၀၀ အတွက် ချေးငွေ ၇၆ ဘီလီယံ ပြန်မဆပ်ဘဲ နိုင်ငံကိုလည်း အခွန်မဆောင်၊ ကညနတွင်လည်း စစ်ဆေးမှုမခံတော့ဘဲ ဥပဒေမဲ့ လိုင်စင်မဲ့ကားများ ဆက်လက် ပြေးဆွဲနေ
ရန်ကုန်၊ ဇွန် ၂၀




အာဏာရှင်ဟောင်း နေဝင်း၏မြေးများ ပိုင်ဆိုင်သော Omni Focus General Services Public Co., Ltd သည် YBS ယာဉ်လိုင်းများတွင် “အများပြည်သူအကျိုးပြု” ဟု ခေါင်းစဉ်တပ်ကာ Foton Bus အစီးရေ ၅၀၀ ဖြင့် ဝင်ရောက်ပြေးဆွဲနေသော်လည်း၊ ဥပဒေကို မျက်ကွယ်ပြု၍ ဘဏ်ချေးငွေနှင့် အခွန်ငွေများ ပေးသွင်းရန် ပျက်ကွက်နေသည့်အပြင် တရားမဝင် ယာဉ်များဖြင့် ပြေးဆွဲနေကြောင်း ရန်ကုန်တိုင်းအစိုးရသတင်းရင်းမြစ်က ပြောဆိုသည်။
Omni Focus General Services Public Co., Ltd မှာ အာဏာရှင်နေဝင်း၏ မြေးများဖြစ်သော ကျော်နေဝင်း ၊အေးနေဝင်း နှင့် ဇွဲနေဝင်းတို့က ပိုင်ဆိုင်ခြင်းဖြစ်သည်။
Omni Focus ကုမ္ပဏီက YBS ကားစီးရေ ၅၀၀ ဝယ်ယူရန်အတွက် ဧရာ၀တီဘဏ်-AYA Bank ထံမှ ချေးငွေ ၅၄ ဘီလီယံ ထုတ်ယူခဲ့ပြီး ၅ နှစ်နီးပါး ကာလအထိ ဘဏ်သို့ ချေးငွေ ပြန်လည်ပေးဆပ်ရန် တစ်ကျပ်မျှ ပေးသွင်းခြင်း မရှိခဲ့ကြောင်း၊ ဧရာ၀တီဘဏ်က ဆက်သွယ်ရာတွင်လည်း ချေးငွေပြန်ဆပ်မည့် အစီအစဉ်ကို ထည့်သွင်းပြောကြားခြင်း လုံးဝမရှိဘဲ ဘဏ်က သိမ်းဆည်းထားသည့် မော် တော်ယာဉ်မှတ်ပုံတင်စာအုပ် မူရင်းများကိုသာ ပေးရန် တောင်းခံခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ဘတ်စ်ကား ၅၀၀ အတွက် ကားဖိုးကျသင့်ငွေ ၅၄ ဘီလီယံကျော် (၅၄,၈၁၉,၂၀၀,၀၀၀/- ကျပ်) နှင့် အတိုးငွေ ၂၂ ဘီလီယံကျော် (၂၂,၀၂၁,၆၃၈,၆၈၉.၃၁/- ကျပ်)၊ စုစုပေါင်း ၇၆ ဘီလီယံကျော် (၇၆,၈၄၀,၈၃၈,၆၈၉.၃၁/- ကျပ်) ကို ပေးသွင်းရန် ပျက်ကွက်နေသဖြင့် ဧရာ၀တီဘဏ်-AYA Bank က ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်တွင် အမှုဖွင့် တိုင်ကြားထားပြီး တရားမအမှု ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း ယာဉ်သက်တမ်းတိုးခြင်းမရှိဘဲ လမ်းပေါ်တွင် တရားမဝင် ပြေးဆွဲနေခြင်းများကို Omni Focus က လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ ကုမ္ပဏီပိုင် YBS ယာဉ်များသည် ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) တွင် ပုံမှန်သက်တမ်းတိုး မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို လုံးဝ လုပ်ဆောင်ခြင်း မရှိဘဲ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ လိုင်စင်မဲ့ ဥပဒေမဲ့ဖြင့် လိုင်းကားပြေးဆွဲခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
လက်ရှိတွင် ကုမ္ပဏီပိုင် YBS ကားစီးရေ ၁၀၀ မှာလည်း ဆိပ်ကမ်းမှ ထုတ်ယူစဉ် အကောက်ခွန်ဆောင် ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့ ကတည်းက ရွာသာကြီး ကညနရုံးတွင် ကနဦးယာဉ်စစ်ဆေးခြင်းနှင့် နံပါတ်ယူခြင်းများ ယနေ့တိုင် မလုပ်ဆောင်ဘဲ ပစ်ထားကြောင်း သိရှိရသည်။
ထိုကားများအတွက် အစိုးရထံ ပေးဆောင်ရမည့် အခွန်အဖိုးအခ သိန်း ၅,၀၀၀ ကျော် ကို ပေးသွင်းရန် ပျက်ကွက်နေပြီး မော်တော်ယာဉ်မူဝါဒအရ သက်တမ်းအသက်သွင်းခြင်း၊ သက်တမ်းတိုးခြင်း မလုပ်သည့်ကာလ ၅ နှစ်ကျော်သွားပြီဖြစ်၍ ကားစီးရေ ၁၀၀ လုံးမှာ ကနဦးယာဉ်စစ်ဆေးခြင်း လုပ်ဆောင်တော့သော လိုင်စင်မဲ့ယာဉ်များဖြစ်သွားပြီဖြစ်ကြောင်း သိရှိရသည်။
ယင်းအပြင် YBS ယာဉ်အစီးရေ ၅၀၀ အနက် ကားစီးရေ ၃၀၀ ကိုလည်း မော်တော်ယာဉ်လိုင်စင်သက်တမ်းတိုးခြင်း လုံးဝမလုပ်ဆောင်တော့ကြောင်း၊ ကညန (ရွာသာကြီး) ၏ တရားဝင်အကြောင်းကြားစာအရ Omni Focus ပိုင် မော်တော်ယာဉ်များအနက်မှ ကားစီးရေ ၂၉၉ စင်းသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်တွင်လည်းကောင်း၊ ကား ၂ စင်းသည် ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်တွင်လည်းကောင်း၊ ကားစီးရေ ၉၈ စင်းသည် ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်တွင်လည်းကောင်း မော်တော်ယာဉ်မှတ်ပုံ တင်သက်တမ်းများ ကုန်ဆုံး ပြတ်တောက်သွားကြောင်း သိရှိရသည်။
ပြည်တွင်း ဥပဒေအရ ယာဉ်သက်တမ်း ၅ နှစ်တစ်ဆက်တည်း သက်တမ်းတိုးရန် ပျက်ကွက်ပါက အဆိုပါယာဉ်ကို အပြီးဖျက်သိမ်းရမည်ဖြစ်သော်လည်း လမ်းပေါ်တွင် ဆက်လက်မောင်းနှင်နေဆဲ ဖြစ်သည်။ ကညန ဝန်ထမ်းများနှင့် ပူးပေါင်းကာ အဂတိလိုက်စားမှုများ ပြုလုပ်နေကြောင်း၊ ကုမ္ပဏီက ကားများကို ၄ နှစ်ကျော်တိုင်အောင် မော်တော်ယာဉ် သက်တမ်းတိုးခြင်း မရှိသော်လည်း၊ ကညန၏ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ ကားများ၏ “ဖောင်းကြွနံပါတ်ပြားအသစ်” များကို စာရွက်စာတမ်းမူရင်း မရှိ အခွန်ဆောင်ခြင်းမရှိဘဲ ကညန (ရွာသာကြီး) ရှိ ဝန်ထမ်းအချို့နှင့် မသမာသောနည်းလမ်းဖြင့် ပူးပေါင်းခဲ့ကြောင်း သိရှိရသည်။
ကညနထံသို့ ကား ၁ စီးလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် YBS ကား နံပါတ်ပြားအသစ်များကို ထုတ်ယူခဲ့ကြောင်း သိရှိရသည်။
YRTC ၏ တရားဝင်စာများအရ စည်းကမ်းချက်များ ချိုးဖောက်ကာ အကြိမ်ကြိမ် သတိပေးခံထားကြောင်း သိရှိရသည်။ လက်ရှိ ထွက်ပေါ်လာသော အာဏာပိုင်များ၏ သတိပေးချက် စာရွက်စာတမ်း အထောက်အထားများအရ Omni Focus ကုမ္ပဏီက တည်ဆဲဥပဒေများနှင့် စည်းကမ်းချက်များကို ချိုးဖောက်နေကြောင်း သိရှိရသည်။
Omni Focus ကုမ္ပဏီပိုင် ကားများမှာ သတ်မှတ်စည်းကမ်းချက်များနှင့်မညီညွတ်ဘဲ ပြေးဆွဲခွင့် ပိတ်ပင်ထားကြောင်း၊ လိုင်စင်ခွင့်ပြုချက် ရယူထားခြင်းမရှိခြင်း၊ လုပ်ငန်းလိုင်စင်သက်တမ်းတိုးရန် ပျက်ကွက်ခြင်း၊ ခရီးသွားပြည်သူများအတွက် စီးနင်းရန် လုံခြုံရေးအရ သင့်တော်မှု မရှိတော့ခြင်းဟူသည့် စည်းကမ်းချက်များ ချိုးဖောက်နေကြောင်း သိရှိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က Omni Focus ကုမ္ပဏီကို ပြေးဆွဲခွင့်လက်မှတ် (Way Bill) နှင့် အချိန်ဇယား (Time Sheet) များ ထုတ်ပေးတော့မည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား အကြောင်းကြားထားသော်လည်း လက်ရှိအချိန်အထိ မိမိသဘောဖြင့် ဆက်လက် ပြေးဆွဲနေကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် YBS ကုမ္ပဏီ ၂၁ ခု ရှိသည့်အနက် Omni Focus ကုမ္ပဏီတစ်ခုတည်းသာ ယာဉ်လိုင်းပြေးဆွဲခွင့် Operator License သက်တမ်းမရှိဘဲ ထူးခြားပေါ်လွင်စွာဖြင့် ပြေးဆွဲခွင့် ရနေခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် မဖြစ်မနေ တပ်ဆင်ရမည့် GPS များ၊ CCTV များ၊ YRTC မှ ထိန်းချုပ်သည့် ကတ်စနစ်များနှင့် စောင့်ကြည့်ထိန်းချုပ်မှု စနစ်များ မပါဝင်သည့်အပြင်၊ ယာဉ်အာမခံထားရှိခြင်းလည်း လုံးဝမရှိဘဲ မောင်းနှင်နေခြင်းကြောင့် ခရီးသွားပြည်သူများအတွက် အလွန် အန္တရာယ်များနေကြောင်း သိရှိရသည်။
လက်ရှိတွင် Omni Focus သည် တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ၅၀ ကျော်ဖြင့် (ယာဉ်လိုင်းနံပါတ် ၂၀၊ ၉၈၊ ၈၂၊ ၈၃၊ ၅၆၊ Airport) လိုင်းများတွင် ပြေးဆွဲနေသည့်အပြင်၊ GYCT Co., Ltd YBS ယာဉ်လိုင်းကုမ္ပဏီထံသို့လည်း ကားအစီးရေ ၆၀ ကျော်အား တစ်စီးလျှင် တစ်ရက် ၄၀,၀၀၀ ကျပ်နှုန်းဖြင့် တရားမဝင် ငှားရမ်းကာ စီးပွားရှာနေကြောင်း သိရှိရသည်။
ယခုနောက်ဆုံး ဥပေဒ ချိုးဖောက်မှုအနေဖြင့် Omni Focus ကုမ္ပဏီက နိုင်ငံတော်သို့ ကျပ် ၁ ဒသမ ၉ ဘီလီယံခန့် အခွန်မပေးဆောင်ဘဲ ပျက်ကွက်နေကြောင်း သိရှိရသည်။
Omni Focus ကုမ္ပဏီက ကားများကို ၅ နှစ်တိုင် ပြေးဆွဲပြီး ရရှိထားသော ဝင်ငွေများစွာကို ဘဏ်သို့လည်း ပြန်မဆပ်၊ နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်အဖိုးအခများကိုလည်း လုံးဝမဆောင်ဘဲ ဘောင်ကျော်နေခဲ့ကြောင်း၊ အခွန် ပေးသွင်းရန် ပျက်ကွက်နေသော ခန့်မှန်းအခွန်ငွေ ဘီလီယံချီ မပေးဘဲ ဥပဒေမဲ့ လိုင်စင်မဲ့ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြောင်း သိရှိရသည်။
လိုင်စင်မရှိ၊ အာမခံမရှိ၊ အခွန်တိမ်းရှောင်ကာ အများပြည်သူကို အန္တရာယ်ပေးနေသော Omni Focus YBS ကားများ လမ်းပေါ်တွင် ပြောင်ပြောင်တင်းတင်း ပြေးဆွဲနေသည်ကို သက်ဆိုင်ရာအာဏာပိုင်များက သိရှိသော်လည်း လုပ်ထုံးလုပ်နည်းအတိုင်း တားမြစ်ခြင်း၊ ဖော်ထုတ်အရေးယူခြင်း မရှိဘဲ မျက်ကွယ်ပြုထားကြောင်း သိရှိရသည်။