နေပြည်တော်နှင့် ရန်ကုန်ရှိ စစ်တပ်လူငယ်သင်တန်းကျောင်းများသို့ အသက် ၁၈ နှစ်မပြည့်သေးသည့် တပ်မိသားစုဝင် ကလေးများကို စစ်တပ်က အတင်းအကျပ် တက်ရောက်ခိုင်းပြီး စစ်သင်တန်းများပါ ပို့ချနေ
ရန်ကုန်၊ ဇွန် ၁၆ ရက်
နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ စစ်တပ်လူငယ်ပညာရေးသင်တန်းကျောင်းများသို့ တပ်မိသားစုဝင်များမှ အသက် ၁၈ နှစ်မပြည့်သေးသော သားသမီးကလေးငယ်များကို စစ်တပ်က အတင်းအကျပ် တက်ရောက်ခိုင်းနေပြီး အဆိုပါကျောင်းများတွင် စစ်သင်တန်းများပါ ပို့ချနေကြောင်း တပ်အသိုင်းအဝိုင်းထံမှ သိရသည်။
တပ်ချုပ်သစ်ရဲဝင်းဦးအမိန့်ဖြင့် စစ်တပ်က မေလ ၁ ရက်နေ့တွင် ၂၀၂၆-၂၀၂၇ ပညာ သင်နှစ်မှစ၍ လစာပေးပြီး စာသင်ပေးမည့် “စစ်တပ်လူငယ်ပညာရေးသင်တန်းကျောင်း” များအတွက် ကျောင်းသားသစ်များ ခေါ်ယူခဲ့ကြောင်း၊ ယင်းသို့ ခေါ်ယူရာတွင် ပြင်ပမှ လျှောက် ထားသူမရှိသဖြင့် တပ်ချုပ်ရဲဝင်းဦးက တပ်အသိုင်းအဝိုင်းမိသားစုများမှ သားသမီးကလေးငယ်များကို ယင်းကျောင်းများသို့ အတင်းအကျပ် ခေါ်ယူတက်ခိုင်းခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် အမှတ် ၁ တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း (ရဲမွန်-ရန်ကုန်) နှင့် အမှတ် (၂) တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း (နေပြည်တော်) တို့၌ ကျောင်းသားဦးရေ ၄၅၀ လက်ခံထားကြောင်း၊ ယင်းသင်တန်းကျောင်းများတွင် တပ်ခွဲ ၁ ခွဲလျှင် သင်တန်းသားအင်အား ၁၅၀ ဦးစီဖြင့် တပ်ခွဲ ၃ ခွဲ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး Grade-10 အတွက် တပ်ခွဲ ၁ ခု၊ Grade-11 နှင့် Grade-12 အတွက် တစ်ခုစီခွဲ၍ စုစုပေါင်း ၄၅၀ ဦးအား သင်ကြားပေးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းကျောင်းများတွင် အခြေခံပညာအထက်တန်းဆင့် Grade-10၊ Grade-11 နှင့် Grade-12 ဆိုင်ရာ စာပေပညာရပ်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သင်ကြားပေးနေသော်လည်း တစ်ဖက်တွင်လည်း ကျောင်းသားများအားလုံးကို စစ်ရေးပြစစ်သင်တန်းဘာသာရပ်များဖြစ်သည့် “လက်နက်မဲ့စစ်ရေးပြဘာသာရပ်” များကိုပါ မဖြစ်မနေ သင်ကြားခိုင်းနေသည်ဟု သိရှိရသည်။
ယင်းစစ်ရေးပြဘာသာရပ်ကို ကျောင်းသားအားလုံး သင်ကြားရခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေးသော ကျောင်းသားလူငယ်ကလေးငယ်များကိုပါ ထည့်သွင်းသင်ကြားခိုင်းနေခြင်း ဖြစ်သည်။
“အမှတ် ၁ ရန်ကုန်ရဲမွန်သင်တန်းကျောင်းနဲ့ နေပြည်တော် အမှတ် ၂ သင်တန်းကျောင်းမှာ လူဦးရေ ၄၅၀ လက်ခံထားတယ်။ တပ်ခွဲ ၁ ခွဲကို လူဦးရေ ၁၅၀ နဲ့ တပ်ခွဲ ၃ ခွဲအတွက် လူဦးရေ ၄၅၀ ပါ။ တပ်ခွဲဆိုတာက Grade-10 က တပ်ခွဲ ၁ ခု၊ Grade-11 နဲ့ Grade-12 ကလည်း တပ်ခွဲ ၁ ခုစီပေါ့။ စစ်ရေးပြ စစ်သင်တန်းဘာသာရပ်ပါတယ်။ လက်နက်မဲ့စစ်ရေးပြဘာသာရပ် သင်ကြားနေပါတယ်”ဟု တပ်အသိုင်းအဝိုင်းက ပြောဆိုသည်။
စစ်တပ်က လူငယ်သင်တန်းကျောင်းများအတွက် ကျောင်းသားခေါ်ယူခဲ့ရာတွင် Grade-10 အတွက် အသက် ၁၇ နှစ်ထက်မကြီးသူ၊ Grade-11 အတွက် အသက် ၁၈ နှစ်ထက်မကြီးသူနှင့် Grade-12 အတွက် အသက် ၁၉ နှစ်ထက်မကြီးသူများ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
အဆိုပါကျောင်းများသို့ တက်ရောက်ခွင့်ရရှိသူများကို နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများ အခမဲ့ထောက်ပံ့မည့်အပြင် ပညာသင်ကြားနေစဉ်အတွင်း လစာအဖြစ် တစ်လလျှင် Grade-10 အတွက် အခြေခံတပ်သားသစ်လစာ၏ ၃၀ ရာခိုင်နှုန်းအဖြစ် ၄၃,၂၀၀ ကျပ်၊ Grade-11 အတွက် ၄၀ ရာခိုင်နှုန်း အဖြစ် ၅၇,၆၀၀ ကျပ် နှင့် Grade-12 အတွက် ၅၀ ရာခိုင်နှုန်း အဖြစ် ၇၂,၀၀၀ ကျပ် တို့ကိုပါ ခံစားခွင့်ပေးမည်ဟု မက်လုံးပေးစည်းရုံးထားသည်။
ယင်းကျောင်းသားများသည် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရမည်ဖြစ်ပြီး အောင်မြင်ပါက အရည်အချင်းအလိုက် တပ်မတော်ဆိုင်ရာတက္ကသိုလ်များနှင့် သိပ္ပံများသို့လည်းကောင်း၊ သတ်မှတ်ချက်မပြည့်မီပါက ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်း သို့မဟုတ် တတိယအဆင့်ဆေးလက်ထောက်သင်တန်း (အထူး) သို့သာ လျှောက် ထားရမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ပြင်ပမှတက်ရောက်သူမရှိသဖြင့် တပ်မိသားစုဝင်များ၏ အသက်မပြည့်သေးသော ကလေးငယ်များကို အတင်းအကျပ် စုဆောင်းကာ စစ်ရေးပြသင်တန်းများ ပေးနေခြင်းကြောင့် တပ်မိသားစုများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။