မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ပြီး ပြည်သူများ အဆမတန် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရဟု ကမ္ဘာ့ဘဏ် သတိပေး၊ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုအဆင့် ထိုးတက်သွားခဲ့ဟုဆို

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ပြီး ပြည်သူများ အဆမတန် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရဟု ကမ္ဘာ့ဘဏ် သတိပေး၊ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုအဆင့် ထိုးတက်သွားခဲ့ဟုဆို
ရန်ကုန်၊ ဇွန် ၁၆
မြန်မာနိုင်ငံတွင် အရှေ့အလယ်ပိုင်း အီရန်စစ်ပွဲကြောင့် လောင်စာဆီ အကျပ်အတည်းဖြစ်ကာ ပြည်တွင်းစစ်ဒဏ်ကြောင့် ထိခိုက်နေသော တိုင်းပြည်အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပြီး မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၅ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်သွားကြောင်း ကမ္ဘာ့ဘဏ်က ယနေ့ သတိပေး ထုတ်ပြန်ပြောဆိုသည်။
ကမ္ဘာ့ဘဏ်၏ အစီရင်ခံတွင် လာမည့်၂၀၂၆-၂၀၂ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကိုလည်း လျှော့ချခဲ့ပြီး ယခင်ခန့်မှန်းထားသည့် ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ လျှော့ချလိုက်သည်။
မြန်မာနိုင်ငံတွင် အီရန်စစ်ပွဲနောက်ဆက်တွဲ လောင်စာဆီအကျပ်အတည်းနှင့် ပြည်တွင်းစစ်ဒဏ်ကြောင့် ၂၀၂၆ ခုနှစ် ဧပြီလအတွင်း နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ တစ်နှစ်နှစ်ကြိမ်ထုတ် မြန်မာ့စီးပွား ရေးစောင့်ကြည့်မှု (Myanmar Economic Monitor) အစီရင်ခံစာအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် မတ်လကုန်အထိ ၁၂ လတာ ကာလအတွက် ငွေကြေးဖောင်းပွမှုမှာ ၂၁ ဒသမ ၁ ရာခိုင် နှုန်း ရှိခဲ့ရာမှ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်သွားခဲ့ခြင်းလည်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာလုယူချိန်ကတည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်အတွင်းသို့ ကျရောက်ခဲ့ရပြီး စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံမှာ ဆယ်စုနှစ် တစ်ဝက်နီးပါး မတည် ငြိမ်မှုများဆီသို့ တွန်းပို့ခဲ့ကာ မြန်မာနိုင်ငံသား ၅ သန်းကျော်မှာ ဆင်းရဲမွဲတေသွားကြသည်။
တရားဝင်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသည် ၎င်း၏ စွမ်းအင်သုံးစက်သုံးဆီ ၉၀ ရာခိုင် နှုန်းကို ပြည်ပမှ တင်သွင်းနေရသဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကန်-အီရန် စစ်ပွဲ စတင်ကတည်းက ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဒဏ်ကို အလွန်အမင်း ခံစားခဲ့ရသည်။
လက်ရှိ မြန်မာ့စီးပွားရေးသည် “နိမ့်ပါးသောအဆင့်များတွင် တည်ငြိမ်နေခြင်း” ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသော်လည်း “တစ်ကျော့ပြန် စက်သုံးဆီဂယက်က ရေရှည်တည်ရှိနေသည့် ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များကို ပိုမိုကြီးထွားစေပြီး ရှေ့အလားအလာကို နောက် ထပ်အနှောင့်အယှက်များ ဖြစ်ပေါ်လာနိုင်ခြေဆီသို့ အလွန်တရာ ထိခိုက်လွယ်စေသည်” ဟု ဖော်ပြထားသည်။
“စက်သုံးဆီဂယက်က ငွေကြေးဖောင်းပွမှု ဖိအားတွေကို ပြန်လည်မီးမွှေလိုက်တာပါပဲ။ ဒါက ဘာကိုဆိုလိုသလဲဆိုရင် အိမ်ထောင်စုတွေရဲ့ ဝယ်ယူနိုင်စွမ်းအား ကျဆင်းသွားတာဖြစ်ပြီး၊ အဲဒီအိမ်ထောင်စုတွေဟာ မြင့်မားတဲ့ ဆင်းရဲမွဲတေမှုအဆင့်တွေနဲ့အတူ အကာ အကွယ်အတားအဆီး အလွန်အားနည်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီးသား ဖြစ်ပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ အကြီးတန်းစီးပွားရေးပညာရှင် ကီမို မန်ဆာရေး (Kemoh Mansaray) က သတင်းထောက်များကို ပြောကြားသည်။
ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုအဆင့်မှာ ၂၉ ဒသမ ၉ ရာခိုင် နှုန်းအထိ ရောက်ရှိခဲ့ပြီး ယင်းမှာ စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်မတိုင်မီကာလထက် များစွာမြင့်မားနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ- AFP ။