ရန်ကုန်တွင် စစ်မှုထမ်းပေါ်တာဆွဲမှုများ များပြားနေချိန် ကုမ္ပဏီဝန်ထမ်း ကိုသူရထွန်း အလုပ် အပြန် ပျောက်ဆုံးသွား၊ ကွမ်းခြံကုန်းတွင် အုပ်ချုပ်ရေးမှူးကျော်စွာဝင်း စစ်မှုထမ်းအကြောင်း ပြ၍ သိန်းရာချီ လစဉ် ကောက်ခံကိုယ်ကျိုးသုံးနေ

ရန်ကုန်တွင် စစ်မှုထမ်းပေါ်တာဆွဲမှုများ များပြားနေချိန် ကုမ္ပဏီဝန်ထမ်း ကိုသူရထွန်း အလုပ် အပြန် ပျောက်ဆုံးသွား၊ ကွမ်းခြံကုန်းတွင် အုပ်ချုပ်ရေးမှူးကျော်စွာဝင်း စစ်မှုထမ်းအကြောင်း ပြ၍ သိန်းရာချီ လစဉ် ကောက်ခံကိုယ်ကျိုးသုံးနေ
ရန်ကုန်၊ ဇွန် ၁၅
ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ များပြားနေချိန် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသူရထွန်းသည် သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ပျောက်ဆုံးသွားကြောင်း မိသားစုဝင်များနှင့် မိတ်ဆွေများထံမှ သိရသည်။
ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်း အလုပ်မှ ပြန်လာစဉ် နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး၊ ကိုသူရထွန်း၏ မိခင်ဖြစ်သူမှာ နှလုံးရောဂါအခံရှိသူဖြစ်သဖြင့် သားဖြစ်သူ ပျောက်ဆုံးမှုကြောင့် လက်ရှိတွင် ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း သိရှိရသည်။
“ကိုသူရထွန်း မနေ့(ဇွန်လ ၁၃ ရက်နေ့) သင်္ဃန်းကျွန်းမှာ ပေါ်တာဆွဲခံရပါတယ်။ ဖုန်းလည်းဆက်လို့မရဘဲ ဘာသတင်းမှမရဖြစ်နေလို့ မိသားစုတွေအားလုံး စိတ်ပူနေကြပါတယ်။ နှလုံးရောဂါသည် အမေကို ငဲ့ညှာသောအားဖြင့် အဆက် အသွယ်ရချင်ပါတယ်” ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက တယ်လီဂရမ်ချန်နယ်တွင် ရေးသားဖြန့်ဝေထားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက မိသားစုထံသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ကိုသူရထွန်းသည် အလုပ်မှ ပြန်လာနေပြီဟု ဖုန်းဆက်ပြောဆိုပြီးနောက်ပိုင်း နေအိမ်သို့ ပြန်လည်ရောက်ရှိမလာတော့ဘဲ အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်ကြောင်း အတည်ပြုသည်။
လတ်တလော ရန်ကုန်မြို့တွင် စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် လမ်းပေါ်မှ ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် လူငယ်အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
အလားတူ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအုပ်စု၏ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ကျော်စွာဝင်းသည်လည်း ကျေးရွာနေပြည်သူများထံမှ နည်းမျိုးစုံဖြင့် စစ်မှုထမ်းငွေကြေးများကို အဓမ္မတောင်းခံပြီး ကိုယ်ကျိုးအတွက် လစဉ် သိန်းရာချီ ကောက်ခံသုံးစွဲနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်စွာဝင်းသည် ၂၀၂၄ ခုနှစ် စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ချိန်ကတည်းက စစ်မှုထမ်းရန်ဟု အကြောင်းပြကာ ကျေးရွာအတွင်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ် ၄၂၀ ဦးထံမှ တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၄၂၀ ကို တစ်ကြိမ် ကောက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၇၃၀ ခန့်ထံမှလည်း စစ်မှုထမ်းကြေးအဖြစ် တစ်လလျှင် ငွေကျပ် ၂၅,၀၀၀၊ ကင်းစောင့်ခအဖြစ် တစ်လလျှင် ၅,၀၀၀ ကျပ်ဖြင့် စုစုပေါင်း တစ်အိမ်လျှင် လစဉ် ၃၀,၀၀၀ ကျပ်စီကို လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ ယနေ့အထိ လစဉ်မပြတ် အဓမ္မကောက်ခံလျက်ရှိပြီး၊ ရရှိလာသော ငွေကြေးများကို ၎င်းဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့က ကိုယ်ကျိုးအတွက် ခွဲဝေအသုံးပြုနေကြကြောင်း သိရှိရသည်။
ယင်းအပြင် ကျေးရွာပိုင်မြေများကို ကိုယ်ကျိုးအတွက် ရောင်းစားမှုများလည်း ရှိနေပြီး၊ ကျေးရွာ၏တောင်ဘက်ရှိ မြေလွတ်နှင့် ကမ်းတက်မြေများကို ပေ ၄၀ ပတ်လည် တစ်ကွက်လျှင် ငွေကျပ် ၄ သိန်းနှုန်းဖြင့် အကွက်ပေါင်း ၄၀ ကျော်ကို ရောင်းစားခဲ့သည်ဟု ဆိုသည်။ ယခုအခါတွင်လည်း ကျေးရွာဘောလုံးကွင်း ပြုလုပ်မည်ဟု အကြောင်းပြကာ တစ်အိမ်လျှင် ငွေကျပ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ထပ်မံကောက်ခံပြီး စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ ခန့်ကို သိမ်းကျုံးရယူသွားခဲ့ကြောင်း သိရသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်စွာဝင်းသည် ယခင် စစ်အစိုးရ (နဝတ) လက်ထက်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး၊ ထိုစဉ်က လောင်းကစားဝိုင်းများ ထူ ထောင်ပေးကာ ငွေကြေးကောက်ခံမှုကြောင့် ရဲတပ်ဖွဲ့၏ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရဖူးသူ ဖြစ်သည်။
၎င်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ခုပ်ကုန်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်လုပ်ကိုင်လာသူဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။