ရုရှားအစိုးရနှင့် နေပြည်တော်က မေတ္တာရပ်ခံခဲ့သော်လည်း အာဆီယံက လက်မခံ၍ ရုရှား-အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင် တက်ခွင့်မရ

ရုရှားအစိုးရနှင့် နေပြည်တော်က မေတ္တာရပ်ခံခဲ့သော်လည်း အာဆီယံက လက်မခံ၍ ရုရှား-အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင် တက်ခွင့်မရ
ရန်ကုန်၊ ဇွန် ၁၅
ရုရှားအစိုးရနှင့် မင်းအောင်လှိုင်က အစည်းအဝေးတက်ခွင့်ပေးရန် မေတ္တာရပ်ခံခဲ့သော် လည်း အာဆီယံက လက်မခံ၍ ရုရှား-အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင်လှိုင် တက်ခွင့်မရကြောင်း နေ ပြည်တော်စစ်ဘက်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့ အထိ ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ရုရှား -အာဆီယံ အထူးထိပ် သီးအစည်းအဝေးသို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ခွင့်ပေးရန် ရုရှားအစိုးရနှင့် နေပြည်တော်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်ခေါင်း ဆောင်များထံသို့ တရားဝင် မေတ္တာ ရပ်ခံခဲ့ကြောင်း၊ သို့ရာတွင် လက်ရှိ အာဆီယံအတွင်း မင်းအောင်လှိုင်ကို အာဆီယံနှင့်ပတ် သက်သော ထိပ်သီးအစည်းအဝေးများ တက်ခွင့်ပိတ်ပင်ထားသော မူဝါဒကို ဆက်လက်စွဲကိုင်ထားရန် စင်ကာပူ၊ တီမော၊ မလေးရှား၊ ဖိလစ်ပိုင်တို့က သဘောထားမှတ်ချက်ပေးသဖြင့် မင်းအောင်လှိုင် အစည်း အဝေးတက်ခွင့်မရကြောင်း သိရှိရသည်။
“ရုရှား-အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာဘက်က ကိုယ်စားလှယ်စေလွှတ်မှာပါ” ဟု နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ရုရှား-အာဆီယံ ထိပ်သီး အထူးအစည်းအဝေးကို ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် ကာဇန် (Kazan) မြို့၌ တရားဝင်ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးမှာ ရုရှားနှင့် အာဆီယံအကြား သံတမန်ဆက်ဆံရေး ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဘရူနိုင်း၊ တီမောလက်စ်တေ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘော ဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင် အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှ ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများကို တွေ့ဆုံမည်ဖြစ်သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များက ရုရှားနှင့် အာဆီယံအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနာဂတ်ကို ပုံဖော်နိုင်ရန်အတွက် အဓိကကျသည့် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲများအပြီးတွင် နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို ရှေ့ဆက်လမ်း ညွှန်ပေးမည့် နှစ်နိုင်ငံအပြန်အလှန် သဘောတူညီချက်အများအပြားကို လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း အာဆီယံနှင့်ရုရှားသတင်းများအရ သိရှိရသည်။
ယင်းထိပ်သီးအစည်းအဝေးနှင့်အတူ ရုရှား-အာဆီယံ စီးပွားရေးဖိုရမ်ကိုလည်း ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မည့် စီးပွားရေးလုပ် ငန်းသစ်များနှင့် လူငယ်ကဏ္ဍဆိုင်ရာ အစပျိုးလုပ်ငန်းများတွင် အခွင့် အလမ်းသစ်များ ရှာဖွေဖော် ထုတ်နိုင်ရန်အတွက် ထိပ်တန်းလုပ်ငန်းရှင်ကြီးများ တက်ရောက်ဆွေးနွေးကြမည် ဖြစ် ကြောင်း သိရှိရသည်။
ရုရှား-အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပနေချိန် မင်းအောင်လှိုင်မှာ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ သွားရောက်လျက်ရှိသည်။