ဒုသမ္မတ ညိုစော၊ စီးပွား/ကူးသန်းဝန်ကြီး ထွန်းအုံနှင့် ဒုဝန်ကြီး မင်းမင်း တို့၏ အဂတိလိုက်စားမှုနှင့် သွင်းကုန်လိုင်စင်များ အကြီးအကျယ် ထိန်းချုပ်ထားမှုကြောင့် သီလဝါစက်မှုဇုန် အပါအဝင် ပြည်တွင်းစက်ရုံများ ကုန်ကြမ်းပြတ်လပ်ပြီး လုပ်ငန်းရပ်ဆိုင်း

ဒုသမ္မတ ညိုစော၊ စီးပွား/ကူးသန်းဝန်ကြီး ထွန်းအုံနှင့် ဒုဝန်ကြီး မင်းမင်း တို့၏ အဂတိလိုက်စားမှုနှင့် သွင်းကုန်လိုင်စင်များ အကြီးအကျယ် ထိန်းချုပ်ထားမှုကြောင့် သီလဝါစက်မှုဇုန် အပါအဝင် ပြည်တွင်းစက်ရုံများ ကုန်ကြမ်းပြတ်လပ်ပြီး လုပ်ငန်းရပ်ဆိုင်း
ရန်ကုန်၊ ဇွန် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တာဝန်ပေးချက်အရ နိုင်ငံခြားသုံးငွေနှင့် သွင်းကုန်များကို အဓိကကြီးကြပ်နေသော ဒုသမ္မတအမည်ခံ ညိုစော (FESC ဥက္ကဋ္ဌ)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ထွန်းအုံနှင့် ဒုတိယဝန်ကြီး မင်းမင်း အပါအဝင် သွင်းကုန်ကြီးကြပ်ရေး တာဝန်ရှိသူများ၏ လာဘ်ပေးလာဘ်ယူမှုများ၊ ၎င်းတို့နှင့် နီးစပ်ရာ ဆွေမျိုးသားချင်းများကိုသာ ရွေးချယ်၍ သွင်းကုန်လိုင်စင် ချထားပေးမှုများကြောင့် ပြည်တွင်းရှိ စက်ရုံအလုပ်ရုံများ ကုန်ကြမ်းပြတ်လပ်ကာ လုပ်ငန်းများ ယာယီရပ်ဆိုင်းနေရကြောင်း UMFCCI မှ စီးပွားရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်း အကျပ်အတည်းကြောင့် ပြတ်လပ်နေသည့် စက်သုံးဆီနှင့် အခြားမရှိမဖြစ် လိုအပ်သော ကုန်စည်များကိုသာ အာဏာပိုင်များက ဦးစားပေးတင်သွင်းရန် ပြည်တွင်း၌ သွင်းကုန်ကန့်သတ်ချက်များ ပိုမိုတင်းကျပ်ထားသည်။
သို့သော်လည်း သွင်းကုန်လိုင်စင်နှင့် နိုင်ငံခြားငွေ စိစစ်ခွင့်ပြုမှုကို အဓိကလုပ်ဆောင်သည့် နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ (FESC) ဥက္ကဋ္ဌ ဒုသမ္မတ ညိုစော၊ စီး/ကူးဝန်ကြီး ထွန်းအုံနှင့် ဒုဝန်ကြီး မင်းမင်းတို့က ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သူများနှင့် လာဘ်ပေးလာဘ်ယူ ပြုလုပ်သူများကိုသာ သွင်း ကုန်လိုင်စင်များ ဦးစားပေးချပေးနေခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က သွင်းကုန်လိုင်စင်နှင့် နိုင်ငံခြားငွေ ထောက်ပံ့မှုကို ကန့်သတ်ထားသဖြင့် ရန်ကုန်တိုင်း၊ သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ တိုယိုတာ ၊ ဆူဇူကီး နှင့် ကူဘိုတာ အပါအဝင် ဂျပန်နှင့် ထိုင်းနိုင်ငံစုံ ကုမ္ပဏီကြီးများ၏ စက်ရုံအများအပြားမှာ ကုန် ထုတ်လုပ်မှု ဆက်လက်လည်ပတ်ရန် ရုန်းကန်နေရပြီး အချို့စက်ရုံများမှာ လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရကြောင်း သိရှိရသည်။
ယင်းအပြင် CMP အထည်ချုပ်လုပ်ငန်းများကိုလည်း ဇွန်လ ၈ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင်များ လျှောက်ထားပြီးမှသာ အထည်ချုပ်ကုန်ကြမ်းများကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့သည်။
UMFCCI သတင်းရင်းမြစ်က “အခုက ပြည်ပနိုင်ငံတွေက လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ကားစက်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေ ကုန်ကြမ်းမရလို့ ဒီမေလနှောင်းပိုင်းနဲ့ ဒီဇွန်လထဲမှာ အလုပ်တွေ ရပ်ကုန်တယ်။ အဓိကက ရက် ၁၀၀ စီမံချက်နဲ့ သွင်းကုန်တွေကို အဓိက ထိန်းချုပ်တာ။ သူတို့ ပြောတာကတော့ ကုန်သွယ်ရေးလိုငွေပြတာကို လျှော့ချဖို့အတွက် သွင်းကုန်တွေကို ထိန်းချုပ်တာလို့ အကြောင်းပြတယ်။ ဒါပေမဲ့ သူတို့နဲ့ နီးစပ်တဲ့ သူတွေကိုတော့ သွင်းကုန်လိုင်စင်တွေ ချထားပေးတာရှိတယ်” ဟု ရှင်းပြသည်။
အခြားတစ်ဖက်တွင်လည်း အရေးပေါ် သွင်းကုန်တင်သွင်းရန် အထူးလိုအပ်နေသူများသည် သွင်းကုန်လိုင်စင် ရရှိရေးအတွက် ငွေကျပ် သိန်းရာထောင်ချီ အသုံးပြုနေရပြီး၊ ယင်းသို့ လာဘ်ပေးရာတွင် နီးစပ်ရာ အသိုင်းအဝိုင်းအလိုက် ချိတ်ဆက်၍ သွင်းကုန်လိုင်စင်ရရှိရေး ဆောင်ရွက်နေရကြောင်း UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
“ဒုသမ္မတ ဦးညိုစောနဲ့ အချိတ်အဆက်ရှိတဲ့သူလည်း ဦးညိုစောလူတွေနဲ့ ချိတ်ပြီး လိုင်စင်ရယူတယ်။ ဝန်ကြီး ဦးထွန်းအုံနဲ့ အဆက်ရှိရင် ဝန်ကြီးနဲ့ပေါ့။ ဒုဝန်ကြီး ဦးမင်းမင်းနဲ့ အချိတ်အဆက်ရှိရင်လည်း ဒုဝန်ကြီးနဲ့ပေါ့။ အချိတ်အဆက်နဲ့ သွင်းကုန်လိုင်စင်ရယူနိုင်တယ်။ လိုင်စင်ရဖို့ လူကြီးတွေကို ချိတ်ဆက်ဂါဝရပြုခိုင်းတာ။ အဲဒီလမ်းကြောင်းကလည်း အတော်ကြီး တွင်ကျယ်တယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိတွင် သီလဝါဇုန် အပါအဝင် ပြည်တွင်းစက်မှုဇုန်များမှ စက်ရုံ ၇၀ ရာခိုင်နှုန်းခန့်မှာ ပြည်ပမှ သွင်းကုန်များ တင်သွင်းရန် သွင်းကုန်လိုင်စင် ခက်ခဲခြင်းနှင့် နိုင်ငံခြားငွေ ချထားမပေးခြင်းတို့ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းနေရခြင်းဖြစ်သည်။
အချို့သော အထည်ချုပ်စက်ရုံများမှာ မိမိတို့ မှာယူထားသော CMP အထည်ချုပ် သွင်းကုန်များ ဆိပ် ကမ်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း၊ လုပ်ထုံးလုပ်နည်းများ ရုတ်တရက် ပြောင်းလဲလိုက်ခြင်းကြောင့် ကုန်ကြမ်းများ ထုတ်ယူ၍မရတော့ဘဲ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
“CMP ကုန်ကြမ်းတွေကို သွင်းကုန်လိုင်စင်လျှောက်ခိုင်းတာ ဇွန်လ ၈ ရက်နေ့မှ။ အဲဒီမတိုင်ခင်မှာထားတဲ့ ကုန်ကြမ်းတွေက ဆိပ်ကမ်းရောက်ပြီး ထုတ်မရတော့ဘူး။ အထည်ချုပ်ဆိုတာကလည်း ကုန်ကြမ်းမရှိရင် ချုပ်မရတော့ အတော်ကို ဒုက္ခရောက်ကြတယ်” ဟု UMFCCI သတင်းရင်းမြစ်က ဆိုသည်။
သွင်းကုန်လိုင်စင်ရရှိရေးအတွက် နောက်ဆုံးထုတ်ပေးရာတွင် အဓိက လက်မှတ်ထိုးပေးရသူများ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်းမင်းလည်း အပါအဝင်ဖြစ်ပြီး၊ သူ၏အသိုင်းအဝိုင်းနှင့် အချိတ်အဆက်များက အကြီးအကျယ် လာဘ်ပေးလာဘ်ယူမှုများဖြင့် လိုင်စင်ရရှိအောင် ဆောင်ရွက်ပေးမှုများ ရှိသည်ဟု ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းက ဆိုသည်။
ဒုဝန်ကြီး မင်းမင်း၏ လက်ရင်းတပည့်ဖြစ်သူ ညွှန်ကြားရေးမှူး မျိုးခိုင်ဝင်းက ပို့ကုန်/သွင်းကုန် အေးဂျင့် (Agent) များထံမှ လိုင်စင်တစ်စောင်လျှင် ငွေ သိန်းပေါင်းများစွာကို လာဘ်ငွေအဖြစ် တောင်းခံကာ နီးစပ်သည့်သူများကိုသာ အပတ်စဉ် သွင်းကုန်လိုင်စင်များ ထည့်သွင်းချထားပေးနေကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ (FESC) သည် စက်ပစ္စည်းများ၊ ကုန်ကြမ်းများ၊ စက်သုံးဆီ၊ စားသုံးဆီနှင့် ဆောက်လုပ်ရေးပစ္စည်း အစရှိသည့် သွင်းကုန်များအတွက် နိုင်ငံခြားငွေ စိစစ်ခွင့်ပြုပေးမှုကို အဓိက ထိန်းချုပ်ထားသည်။
လက်ရှိတွင် ဒုသမ္မတ ညိုစော၊ ဝန်ကြီး ထွန်းအုံနှင့် ဒုဝန်ကြီး မင်းမင်း တို့၏ ဆွေမျိုးသားချင်းများနှင့် ခရိုနီအုပ်စုများသာ သွင်းကုန်လိုင်စင် ရရှိရေး အဆင်ပြေနေကြပြီး၊ အမှန်တကယ် လိုအပ်နေသည့် ပြည် တွင်းစက်ရုံများမှာမူ ကုန်ကြမ်းပြတ်လပ်ကာ ပိတ်ပစ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ်မှ သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်