ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “နှင်းဆီလှုပ်ရှားမှု” ပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “နှင်းဆီလှုပ်ရှားမှု” ပြုလုပ်မည်
ဇွန် ၁၃၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနဲ့ အာဏာသိမ်းစစ်တပ် ဆန့်ကျင်ရေး ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုဖြစ်တဲ့ “နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)” ကိုလုပ်‌ဆောင်သွားမှာဖြစ်ပြီး၊မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအနေနဲ့ ပါဝင်ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုများက နှိုးဆော်နေပါတယ်။
ဒီလှုပ်ရှားမှုကို People Movement Platform Myanmar နဲ့ အထွေထွေသပိတ်ကော်မတီ (GSCB) တို့အပါအဝင် တော်လှန်ရေးအင်အားစုတွေက ဇွန်လ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ပြည်တွင်းပြည်ပက အဖွဲ့အစည်းပေါင်းများနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါဟာ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီးဖြစ်ပြီး စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းတာတွေနဲ့ ဟန်ပြနိုင်ငံရေးခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ကမ္ဘာသိ ထုတ်ဖော်ပြသဖို့ ပြင်ဆင်နေကြတာပါ။
ဒီလှုပ်ရှားမှုကနေတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့၊ အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်သိမ်းပေးဖို့နဲ့ ဦးဝင်းမြင့်ဟာ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်တယ်ဆိုတဲ့ သတင်းစကား ၃ ရပ်ကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ မိမိတို့ဒေသရဲ့ လုံခြုံရေးအခြေအနေအလိုက် နှင်းဆီပန်း ဒါမှမဟုတ် ရနိုင်တဲ့ ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာနဲ့ အချင်းချင်း ဝေငှတာတွေ လုပ်ဆောင်နိုင်သလို၊ ပန်းကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ် တင်ပြီးတော့လည်း အွန်လိုင်းကမ်ပိန်းမှာ ပါဝင်နိုင်ပါတယ်။ ဒါ့အပြင် မြေပြင်သပိတ်လှုပ်ရှားမှုတွေမှာလည်း နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး ပူးပေါင်းပါဝင်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလှုပ်ရှားမှုရဲ့ ကြွေးကြော်သံအဖြစ် “ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” လို့ သတ်မှတ်ထားပြီး ပြည်သူလူထုအနေနဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကို လုံးဝလက်ခံမှာမဟုတ်ကြောင်းကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေတစ်ဆင့် သက်သေပြသွားကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်