ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နိုင်ငံပေါင်း ၂၄ ခုမှ သံတမန်များနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF တို့ ပထမဆုံးအကြိမ်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို ရှင်းလင်းဆွေးနွေးဟု NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နိုင်ငံပေါင်း ၂၄ ခုမှ သံတမန်များနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF တို့ ပထမဆုံးအကြိမ်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို ရှင်းလင်းဆွေးနွေးဟု NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော
ရန်ကုန်၊ ဇွန် ၇
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နိုင်ငံပေါင်း ၂၄ ခုမှ သံတမန်များနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF တို့ ပထမဆုံးအကြိမ် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို ရှင်းလင်းဆွေးနွေးကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။
ဇွန်လ ၅ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် SCEF မှ တာဝန်ရှိသူများနှင့် နိုင်ငံတကာသံတမန်များ တွေ့ဆုံကြခြင်းဖြစ်ပြီး တွေ့ဆုံမှုကို လူချင်းတွေ့ဆုံမှု၊ အွန်လိုင်းတွေ့ဆုံမှု ပုံစံ ၂ မျိုးဖြင့် ကျင်းပခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဘန်​ကောက်မှာ Hybrid လုပ်တာပါ။ ပထမဦးဆုံးအကြိမ် နိုင်ငံတကာကို ​တွေ့ဆုံရှင်းလင်းခြင်းပဲဖြစ်ပါတယ်” ဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရှင်းပြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က မြန်မာ နိုင်ငံ၏ လက်ရှိအခြေအနေနှင့် အနာဂတ် အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း၊ ရှင်းလင်းပွဲတွင် SCEF ကိုယ်စားလှယ်များက နိုင်ငံတစ်ဝန်း ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများ၊ ပေါင်းစည်းညီညွတ်မှု ရရှိရေး၏ အရေးပါပုံနှင့် ရေရှည်တည်တံ့သော ဖက်ဒရယ် ဒီမိုကရေစီအနာဂတ် တည်ဆောက်နိုင်မည့် အခြေအနေများ ပေါ်ထွန်းလာနိုင်ရန် SCEF ၏ လုပ်ဆောင်နေမှု များကို မျှဝေခဲ့ကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် လက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ်သာ သုံးသပ်၍မရကြောင်း SCEF က အလေးထားပြောကြားသည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် နက်ရှိုင်းသော နိုင်ငံရေး အသွင်ကူးပြောင်းမှုတစ်ရပ်ကို ဖြတ်သန်းနေသော ကာလဖြစ်ပြီး အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနှင့် ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ချဉ်းကပ်အဖြေရှာရန် လိုအပ်နေကြောင်း SCEF က ထောက်ပြသည်။
အရပ်သားများ ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်လှမ်းမီ ရရှိရေး၊ နိုင်ငံရေး ပါဝင်မှု၏ အရေးပါပုံများ နှင့် လက်ရှိအနေ အထားအောက်တွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်း ချမ်းရေးရရှိနိုင်ရန် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြသည်။
SCEF က စုပေါင်းနိုင်ငံရေး ပူးပေါင်းညှိနှိုင်းမှု၊ အားလုံးပါဝင်နိုင်မှု၊ တာဝန်ယူမှုရှိသော တည်ငြိမ်ရေး လုပ်ငန်းစဉ်များနှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့် မတူကွဲပြားမှုများကို ထင်ဟပ်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာနိုင်ရေးအတွက် ထပ်လောင်း ကတိကဝတ်ပြုကြသည်။
ထို့အပြင် ပဋိပက္ခ၏ မူလဇစ်မြစ်ကို မဖြေရှင်းပါက ရေရှည် တည်တံ့သော တည်ငြိမ်ရေးကို မရရှိနိုင်ကြောင်းေ၊ ရေရှည်ငြိမ်းချမ်းရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး အသွင်ကူးပြောင်းမှု၊ ကျယ်ပြန့်သော ပါဝင်မှုနှင့် နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာနေသည့် အခြေအနေမှန်များကို အသိအမှတ်ပြုခြင်းတို့ လိုအပ်မည် ဖြစ်ကြောင်း SCEF က ဖော်ပြသည်။
ယခုရှင်းလင်းပွဲသည် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံရေး မြှင့်တင်ရန် နှင့် မြန်မာနိုင်ငံအတွက် အားလုံးပါဝင်သော၊ တည်ငြိမ်ပြီး ငြိမ်းချမ်းသည့် အနာဂတ်သို့ ဦးတည်နိုင်မည့် လမ်းကြောင်းများပေါ်တွင် ဆက်လက်ဆွေးနွေးနိုင်ရန် ကြိုးပမ်းဆောင်ရွက် နေမှုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု သိရှိရသည်။
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် သံတမန် ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ရှိလျက် မြန်မာပြည်သူများနှင့် အနာဂတ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် SCEF က မျှော်လင့်ထားသည်။
ယင်းရှင်းလင်းတင်ပြပွဲသို့ နိုင်ငံ ၂၄ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။