မင်းအောင်လှိုင် လာရောက်မည်ဟု သတင်းထွက်ပေါ်ခဲ့သော တောင်ငူ မဆရ ၃ စစ်ဆေးရုံ နှင့် ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇွန် ၆


အကြမ်းဖက် မင်းအောင်လှိုင်လာမည်ဟု သတင်းထွက်ပေါ်ခဲ့သော တောင်ငူ မဆရ ၃ စစ်ဆေးရုံ နှင့် ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် မင်းအောင်လှိုင်၏ တောင်ငူ ခရီးစဉ်တွင် ဝင်ရောက်မည်ဟု သတင်းထွက်ပေါ်ခဲ့သော တောင်ငူ မဆရ ၃ စစ်ဆေးရုံနှင့် ကေတုမတီလေတပ် အတွင်းရှိ အစည်း အဝေးခန်းမ Brave Warriors for Myanmar (BWM) ၏ အထူးစစ်ဆင်ရေးအဖွဲ့သည် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် တောင်ငူခရီးစဉ်ကို လျှို့ဝှက်စွာ စီစဉ်ပြီး ပြည်ထောင်စုဝန်ကြီး ခရီးစဉ်ဟု သာအသိပေးပြီး၊ ကုန်းလမ်းဖြင့်လာမည်ဟုပြင်ဆင်ခဲ့ကြောင်း၊ လက်တွေ့တွင် ရန်ကုန်-နေပြည်တော် အစုန်ရထားဖြင့် ရောက်လာပြီး ထိုမှတဆင့် မဆရ ၃ (၂ ဆောင်မြိုင်) နှင့် ကေတုမတီလေတပ်သို့ သွားရောက်မည်ဟု သတင်းကြားသိရသောကြောင့် BWM နှင့် မဟာမိတ်အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မင်းအောင်လှိုင်က ပစ်တဲ့နေရာ ရောက်မရောက်တော့ ကျနော်တို့ မသေချာမသိဘူး။ သူတောင်ငူကို ရောက်တဲ့ အချိန်ကို ရတဲ့ သတင်းနေရာကို ကြိုးစားပစ်တာပါ။ မင်းအောင်လှိုင် စိတ် ပိုမလုံခြုံအောင် လုပ်ဆောင်တာပေါ့။ တောင်ငူမြို့တွင်း ပတ်နေတာ ခက်တာက ပြည်သူတွေနေရာတွေမို့လို့ပါ။ သူ ပြင်ဆင်ထားတဲ့ နေရာတချို့ကိုလည်း မသွားဘူး” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင် နိုင်ငံအတွင်း ခိုးကြောင်ခိုးဝှက်သွားသွားလာနေရပြီး ထိတ်လန့်နေရသည့်ဘဝကို ပေါ်လွင်စေရန် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ BWM အဖွဲ့သည် မဟာမိတ်များနှင့် ပူးပေါင်းကာ တော်လှန်ရေး အောင်သည်အထိ ပြည်သူများနှင့် အတူ ဆက်လက် ကြိုးစားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်