အာဏာသိမ်း မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်လွန်းပြီး တရုတ်နိုင်ငံက အလွန်ဩဇာကြီးမားစွာ ထိန်း ချုပ်နေသဖြင့် ယင်းအခြေအနေကို ပြောင်းလဲရန် အမေရိကန်က နည်းလမ်းရှာဖွေနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို (ရုပ်/သံ)

အာဏာသိမ်း မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်လွန်းပြီး တရုတ်နိုင်ငံက အလွန်ဩဇာကြီးမားစွာ ထိန်း ချုပ်နေသဖြင့် ယင်းအခြေအနေကို ပြောင်းလဲရန် အမေရိကန်က နည်းလမ်းရှာဖွေနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို (ရုပ်/သံ)
ရန်ကုန်၊ ဇွန် ၄

မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်တပ်က ရက်စက်ကြမ်းကြုတ်လွန်းပြီး မြန်မာစစ်တပ်ကို တရုတ်နိုင်ငံကလည်း အလွန်ဩဇာကြီးမားစွာ ထိန်းချုပ်နေသဖြင့် အဆိုပါ အခြေအနေကို ပြောင်းလဲရန် အမေရိကန်က နည်းလမ်းရှာဖွေနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကို ရူဘီယိုက ထုတ်ဖော်ပြောဆိုသည်။
ယနေ့ အမေရိကန်အထက်လွှတ်တော်၏ အစိုးရဘတ်ဂျက်ဆိုင်ရာ ကြားနာပွဲတွင် အမေရိကန်အထက် လွှတ် တော်အမတ် မစ်ချ် မက်ကောနယ်၏ မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး မေးမြန်းချက်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်အထက်လွှတ်တော် အမတ် မစ်ချ် မက်ကောနယ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့အရေးအက်ဥပဒေ (Burma Act) ကို အကောင်အထည်ဖော်ရန် ရန်ပုံငွေ သုံးစွဲရန် ငြင်းဆန်နေခြင်း၊ တရုတ်ကျောထောက်နောက်ခံပြု မြန်မာစစ်တပ်အပေါ် ခိုင်မာသည့်ဗျူဟာ မတွေ့ရခြင်းတို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ယင်းကဲ့သို့ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနယ်က – “ပြီးခဲ့တဲ့နှစ် ဘတ်ဂျက်ဆိုင်ရာ ကြားနာပွဲတုန်းက ဗမာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို တုံ့ပြန်ဖို့ အစိုးရအဖွဲ့ရဲ့ အစီအစဉ်အကြောင်း ခင်ဗျားကို ကျွန်တော် မေးခဲ့ပါတယ်။ တစ်နှစ်ကြာပြီးတဲ့အထိ ဒီကိစ္စနဲ့ပတ်သက်လို့ ခိုင်မာရေရာတဲ့ ဗျူဟာတစ်ခုကို ကျွန်တော် မတွေ့ရသေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဗမာ့အရေးအက်ဥပဒေကို အကောင်အထည်ဖော်ဖို့ ရန်ပုံငွေတွေ သုံးစွဲဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့သလို၊ တရုတ်ကျောထောက်နောက်ခံပြု စစ်ကောင်စီအပေါ် ထားရှိတဲ့ မူဝါဒကိုလည်း လျှော့ချပျော့ပျောင်းပစ်ခဲ့ပါတယ်။ အဲဒီတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဗမာနိုင်ငံကို တရုတ်ကျော ထောက်နောက်ခံပြု စစ်ကောင်စီက အုပ်ချုပ်တာနဲ့ တရားဝင်ရွေးကောက်ခံ အရပ်သားခေါင်းဆောင်တွေက အုပ်ချုပ်တာ နှစ်ခုထဲက ဘယ်အရာကို ပိုပြီးလိုလားသလဲ။ ဒါမှမဟုတ် ဗမာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒဟာ အခြေခံတန်ဖိုးတွေနဲ့ တည်ငြိမ်တဲ့ ရလဒ်တွေအပေါ်မှာ ဘာမှဂရုမစိုက်ဘဲ လျစ်လျူရှုထားတာလား” ဟု မေးခွန်းထုတ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအပေါ် လျှစ်လျူရှုမထားကြောင်း၊သို့ရာတွင် မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်တပ်က ရက်စက်ကြမ်းကြုတ်လွန်းသည့်အပြင် တရုတ်နိုင်ငံကလည်း အဆိုပါစနစ်တစ်ခုလုံးအပေါ် အလွန်ကြီးမားသည့် သြဇာအာဏာ ထိန်းချုပ်မှုကို ရယူထားသောကြောင့် အမေရိကန်အနေဖြင့် အဆိုပါ အခြေအနေကို ပြောင်းလဲပစ်နိုင်မည့် ဆန်းသစ်ဖန်တီးမှုရှိသည့် နည်းလမ်းများကို ဆက်လက်ရှာဖွေနေကြောင်း ပြောဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အမေရိကန်၏ မူဝါဒများသည် ကမ္ဘာ့ဘယ်နေရာတွင်မဆို မြန်မာ့အရေးကို လျစ်လျူရှုထားမည် မဟုတ်ကြောင်းနှင့် ရွေးချယ်ခွင့်ရှိပါက အမေရိကန်နှင့် မိတ်ဆွေမဖြစ်သည့် ပြည်ပအာဏာစက်အောက်က အစိုးရမျိုးထက် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရမျိုးနှင့်သာ ဆက်ဆံရန် ပိုမိုအများကြီး လိုလားကြောင်း တုံ့ပြန်ပြောကြားသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ စိန်ခေါ်မှုမှာ လက်ရှိအာဏာရထားသည့် အုပ်စိုးသူအဖွဲ့သည် ၎င်းတို့အုပ်ချုပ်ပုံတွင် ရက်စက်ကြမ်းကြုတ်လွန်းခြင်းကြောင့်ရော၊ ၎င်းတို့အပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုပမာဏက ကြီးမားလွန်းခြင်းကြောင့်ရော ဖြေရှင်းရန် တော်တော်ခက်ခဲသည့် ကိစ္စတစ်ခု ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုကတော့ ရှင်းရှင်းပြောရရင် တရုတ်ဟာ အဲဒီက စနစ်တစ်ခုလုံးအပေါ် အလွန်ကြီးမားတဲ့ သြဇာအာဏာ ထိန်းချုပ်မှုကို ရယူထားတာပါပဲ။ ကျွန်တော်တို့အနေနဲ့ ဗမာနိုင်ငံတွင်းက အင်အားစုတွေနဲ့ အနည်း ဆုံး ဆက်ဆံရေးတစ်ခုခု ရရှိနိုင်ဖို့အတွက် ဖန်တီးမှုရှိတဲ့ နည်းလမ်းတွေကို ရှာဖွေခဲ့သလို၊ ဆက်ပြီးတော့လည်း ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက ဖြေရှင်းရ တော်တော်ခက်ခဲတဲ့ ကိစ္စတစ်ခု ဖြစ်နေပါတယ်၊ ဘာလို့လဲဆိုတော့ လက်ရှိအာဏာရထားတဲ့ အုပ်စိုးသူအဖွဲ့ရဲ့ အုပ်ချုပ်ပုံက ရက်စက်ကြမ်းကြုတ်လွန်းတာကြောင့်ရော၊သူတို့အပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ထိန်းချုပ်မှုပမာဏက ကြီးမားလွန်းတာကြောင့်ရော ဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် အပြောင်းအလဲတစ်ခုခု ဖန်တီးပေးနိုင်မည့် အခွင့်အရေးရှိသူများနှင့် အနည်းဆုံး ဆက်ဆံရေးတစ်ခုခု ရရှိအောင် လမ်းစရှာဖွေနိုင်ရန်အတွက် ဆန်းသစ်ပြီး ဖန်တီးမှုရှိသည့် နည်းလမ်းများကို ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားသည်။
“ဒါကြောင့် ဒီအခြေအနေကို ပြောင်းလဲပစ်နိုင်ဖို့ အခွင့်အလမ်းတွေကို ကျွန်တော် တို့ ဆက်ပြီး ရှာဖွေနေပါတယ်။ ဒါဟာ ကလေးက တစ်လှမ်းချင်းစီ လမ်းလျှောက်သလို ဖြည်းဖြည်းချင်း ဖြစ်နိုင်သလို၊ ရုတ်တရက် အပြောင်း အလဲကြီး ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သမိုင်းက ဘယ်အချိန်မှာ ထူးခြားတဲ့ လမ်းစနဲ့ အခွင့်အလမ်းတွေကို ပေးမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုသည်။
အမေရိကန်အထက်လွှတ်တော် အမတ် မစ်ချ် မက်ကောနယ်သည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများစွာ တစ်စိုက်မတ်မတ် လုပ် ဆောင်နေသော အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည်။