မကွေးတိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၁၈ ဦး ဖမ်းဆီးရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ပြော
မကွေး၊ ဇွန် ၄





မကွေးတိုင်းစစ်ဒေသတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲကြီး/ငယ် ၄၃ ကြိမ် ဖြစ်ပြီး ထိခိုက်သေဆုံးမှုအပြင် စစ်သုံ့ပန်းတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မေလ ၂၂ ရက်နေ့ က ချောက်မြို့(ကပစ ၂၁) ဆီ လာတဲ့ မိတ္တီလာအခြေစိုက် တပ်မ (၉၉) စစ်ယာဉ်ငါးစီးကို ကြားဖြတ်တိုက်ခိုက်သလို မေလ ၂၂ ရက်နေ့ကလည်း ကပစ ၂၁ စီ လာတဲ့ ခဲယမ်းတင်ယာဉ်နှစ်စီးကို တိုက်ခိုက်ခဲ့ ပါတယ်။
ကပစ ၂၁ ကို အင်အားဖြည့်တင်းဖို့ လာတဲ့ ဆိပ်ဖြူမြို့က အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို မေလ ၂၆ ရက်နေ့မှာ တိုက်ခိုက်ခဲ့လို့ စစ်ကားနှစ်စီးက ပျက်စီးခဲ့ရသလို မေလစတုတ္ထပတ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက် တဲ့ သရက်ခရိုင်အမှတ် ၃ တပ်ရင်းနဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းတို့က ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ ဗိုလ်မှူးအောင်ဖြိုးဝေ (ကြည်း-၅၃၃၇၆) နှင့် ဗိုလ်ကြီး ပြည့်စုံအောင် ( ကြည်း – ၇၄၀၇၆) အပါအဝင် သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ပြီးပစ္စတို (၁၉)လက်၊ ကျည်ဘောက် (၃၈)ခု၊ ဖုန်း (၃)လုံးကိုလည်း မိမိတို့ဘက်မှ သိမ်းပိုက်ရရှိခဲ့ပါတယ်။
မေလ ၂၉ ရက်နေ့မှာလည်း နတ်မောက်မြို့ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ်ရန်နိုင်အောင်ကိုလည်း ဖမ်းဆီးရမိခဲ့ ပါသေးတယ်။
ပုံတောင် တောင်ကြောမှတစ်ဆင့် ဂန့်ဂေါခရိုင်ကို ဝင်ရောက်လာတဲ့ အင်အား ၁၀၀၀ခန့်ပါ အာဏာသိမ်းအကြမ်း ဖက်စစ်တပ်စစ်ကြောင်းနဲ့ ယာယီထိုင်စခန်းတွေကို တော်လှန်ရေးတပ်တွေက မေလစတုတ္တပတ်မှာ တိုက်ခိုက်ခဲ့ ပါသေးတယ်။
ဇွန် ၃ ရက်နေ့မှာ မင်းတုန်းမြို့နယ်ကို ထိုးလာတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ သရက်ခရိုင် အမှတ် ၄ တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်သုံ့ပန်း ၁၅ ဦးနဲ့ သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
မေလ နဲ့ ဇွန်လအတွင်းမှာ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ စစ်ဆင်ရေးနယ်မြေအသီးသီးတွင် အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲကြီး/ငယ် ၄၃ ပွဲ ဖြစ်ခဲ့ပြီး စစ်သား ၃၁ ဦး သေဆုံးကာ ၅၂ ဦးက ထိခိုက်ခဲ့ပါ တယ်။
စစ်သုံ့ပန်းတွေအနေနဲ့ ဗိုလ်မှူးတစ်ဦး နဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံ့ပန်း ၁၈ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF က ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တတ်အားသရွေ့ ကူညီဖေးမနိုင်ဖို့ မေတ္တာရပ်ခံထားပါတယ်။
Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF
ရေးသားသူ – သူပုန်လက်
#မကွေး #RedPeacock