ရေကြည်အမြောက်တပ်နောက်ကျောမှ ပတ်ဝင်သည့် ရွေးတုအစိုးရစစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက် ခိုက်ခံရပြီး ရာချီသေဆုံး၊ ခြေပြတ်သွားသည့် အရာရှိတစ်ဦးကိုသာ ကယ်ထုတ်နိုင်

ရေကြည်အမြောက်တပ်နောက်ကျောမှ ပတ်ဝင်သည့် ရွေးတုအစိုးရစစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက် ခိုက်ခံရပြီး ရာချီသေဆုံး၊ ခြေပြတ်သွားသည့် အရာရှိတစ်ဦးကိုသာ ကယ်ထုတ်နိုင်
ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရိုးမအနီးသို့ ချဉ်းကပ်လာသည့် ရွေးတုအစိုးရစစ်တပ်စစ်ကြောင်းကို AA နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ရာဂဏန်းအထိ သေဆုံးမှုရှိကြောင်း သိရသည်။
တိုက်ပွဲအတွင်း ခြေပြတ်ဒဏ်ရာရရှိသွားသည့် စစ် တပ်အရာရှိတစ်ဦးကိုသာ ဝါးတောကွင်းမှ စက်ဒေါင့် ကြီးသို့ စက်လှေဖြင့်သယ်ယူလာပြီး ထိုမှတစ်ဆင့် ကားဖြင့် အရေးပေါ်သယ်ယူသွားသည်ဟု ဒေသခံ သတင်း ရင်းမြစ်ထံမှ သိရသည်။
“ခြေပြတ်အရာရှိသယ်လာတာကို ဘယ်သူမှအနီးမကပ်ရဘူးလို့ သိရတယ်။ ရာဂဏန်းလောက်ထိ သေ ဆုံးမှုရှိတယ်လို့ ကြားထားရပါတယ်။ မေ ၃၁ ရက်ညကတည်းက လှည်းတွေ ဆိုင်ကယ်တွေနဲ့ သွားသယ်တာမှာ ခြေပြတ်တစ်ဦးပဲ ဆေးရုံကိုသယ်ယူနိုင်ခဲ့တယ်”ဟု ဧရာဝတီတိုင်းမ် သတင်းရင်းမြစ်က ပြောသည်။
ညောင်မှော်သောင်တန်း ဘုရားကြီး၊ ရွှေရင်မျှော်၊ သရက်ကုန်း၊ မရမ်းချိုစသည့်ကျေးရွာများတွင် အင်အားပြည့် စစ်ယာဉ်တန်း ၁၃ စီးဖြင့် ရောက်လာသည့် စစ်တပ်စစ်ကြောင်းများ တပ်ဖြန့်နေရာ ယူထားကာ ဝါးတောကွင်းကျေးရွာဘက်သို့ ထပ်မံတက်သွားကြောင်း ‌သိရသည်။
ဝါးတောကွင်းမှတစ်ဆင့် အနောက်ဘက်ရိုးမအတွင်း စစ်ကြောင်းဖြန့်သွားသည့် တပ်များ သုံးတန်ကူ၊ ခုနစ်တန်ကူ၊ ကြောင်လျှာ၊ ဆင်ဝိုင်းဟောင်းနေရာများတွင် တိုက်ပွဲဖြစ်နေပြီး အဆိုပါလမ်းကြောင်း များမှာ ရေကြည်အမြောက်တပ် ၃၄၄ နောက်ကျောဘက်ကို ပတ်သွား၍ရသည့် လမ်းကြောင်းဖြစ်သည့် အတွက် စစ်ကြောင်းတက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ယနေ့ ဇွန် ၁ ရက်နေ့တွင် ရွှေရင်မျှော်ဘက်မှ တပ်စွဲထားသည့် စစ်တပ်တပ်ဖွဲ့ဝင်များ ဆိုင်ကယ် အစီး ၃၀ ဖြင့် ရိုးမပေါ်သို့ ထပ်တက်သွားပြီး ဘုရားကြီး၊ ဘိုးတော်၊ ဝါးတောကွင်းလမ်းကြောင်းများကို အဓိကပိတ်ဆို့နေကြခြင်းဖြစ်ကာ ရန်ကုန်သို့တိုက်ရိုက်ကားလမ်းပေါက်သည့် စက်ဒေါင့်ကြီး ကျေးရွာ အနီး ထိ ချဉ်းကပ်လာခြင်းဖြစ်သည်။
ဓာတ်ပုံ-AA Info Desk