ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အတွက် “81 for 81” လှုပ်ရှားမှု သားဖြစ်သူက စတင်လုပ်ဆောင်

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အတွက် “81 for 81” လှုပ်ရှားမှု သားဖြစ်သူက စတင်လုပ်ဆောင်
ရန်ကုန်၊ ဇွန် ၂
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုကင်အဲရစ် (Kim Aris) က မိခင်ဖြစ်သူ လက်ရှိတွင် အသက်ထင်ရှားရှိနေသေးကြောင်း မြန်မာစစ်တပ်အနေဖြင့် ခိုင်လုံစွာ သက်သေပြရန် တောင်းဆိုလိုက်ပြီး မိခင်ဖြစ်သူ၏ အခြေအနေကို လူထု ပိုမိုသတိပြုမိလာစေရန် ရည်ရွယ်သည့် “81 for 81” ကမ်ပိန်းတစ်ခုကို စတင်လိုက်သည်။
လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ကို အကြောင်း ပြု၍ အသက် ၄၉ နှစ်အရွယ် ကိုကင်အဲရစ်သည် “81 for 81” အမည်ရှိ လှုပ်ရှားမှုကို စတင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလှုပ်ရှားမှုတွင် ပြည်သူများအနေဖြင့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် အပြေးပြိုင်ခြင်းများဖြင့် ပူးပေါင်းပါဝင်ကြရန် နှိုးဆော်ထားပြီး ၎င်းကိုယ်တိုင်လည်း တစ်ရက်အတွင်း စကိတ်စီး၍ ၈၁ ကီလိုမီတာ ဖြတ်သန်းကာ ပါဝင်သွားမည်ဟု ဆိုသည်။ စိတ်ဝင်စားသူများအနေဖြင့် ခြေလှမ်း ၈၁,၀၀၀ လှမ်းခြင်း၊ ၈၁ ကီလိုမီတာ ပြေးခြင်း သို့မဟုတ် ၈၁ မိုင် စက်ဘီးစီးခြင်း စသည့် “81” ခေါင်းစဉ်အောက်မှ စိန်ခေါ်မှုများတွင် တစ်ပိုင်တစ်နိုင် ပါဝင်နိုင်ကြောင်း တိုက်တွန်းထားသည်။
ကိုကင်အဲရစ်က “သားတစ်ယောက်အနေနဲ့ ကျွန်တော် မေးချင်တဲ့ မေးခွန်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ‘ကျွန်တော့်မိခင် အသက်ရှင်သေးရဲ့လား ဆိုတာပါပဲ။ အကယ်၍ ကျွန်တော့်မိခင်သာ အသက်ရှင်နေသေးရင် စစ်ကောင်စီအနေနဲ့ ဘာဖြစ်လို့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေကို အတည်ပြုခွင့်မပေးနိုင်ရတာလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦးကို ဖမ်းဆီးထားပြီး အသက်ထင်ရှားရှိကြောင်း သက်သေမပြနိုင်သည့်အပြင် ပွင့်လင်းမြင်သာမှုနှင့် အခြေခံလူ့အခွင့်အရေးများကို လျစ်လျူရှုနေသော အစိုးရတစ်ရပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသင့်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက ထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံရေးအရ လုပ်ကြံစွဲဆိုထားသည်ဟု ယူဆရသော အမှုပေါင်းများစွာဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည်။ ၅ နှစ်ကျော်ကြာ တစ်ဦးတည်း သီးခြားချုပ်နှောင်ခံရပြီးနောက် ယခုလအစောပိုင်းတွင် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ မိသားစုဝင်များ သို့မဟုတ် ရှေ့နေများနှင့် တွေ့ဆုံခွင့်မရသေးသလို လူမြင်ကွင်းသို့လည်း ထွက်ပေါ်လာခြင်း မရှိသေးပေ။
စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များခြံရံလျက် သစ်သားခုံတန်းတစ်ခုပေါ်၌ ဒေါ်အောင်ဆန်းစုကြည် ထိုင်နေသည့် ဝေဝါးသော ဓာတ်ပုံတစ်ပုံ ထုတ်ပြန်ခဲ့သော်လည်း အဆိုပါဓာတ်ပုံမှာ ရက်စွဲမပါရှိဘဲ အလွယ်တကူ လုပ်ကြံဖန်တီးထားနိုင်ကြောင်း ကိုကင်အဲရစ်က ထောက်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း စုစုပေါင်း အကျဉ်းချခံထားရမှု သို့မဟုတ် နေအိမ်အကျယ်ချုပ် သက်တမ်း ၂၀ နှစ်ခန့် ရှိလာခဲ့ပြီဖြစ်သည်။
အဆိုပါ လှုပ်ရှားမှု ပေါ်ပေါက်လာချိန်သည် အကြမ်းဖက် မင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကော်ဇောနီခင်း ကြိုဆိုခဲ့မှုအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာလေ့လာသူများက ဝေဖန်ခဲ့ကြပြီး Justice For Myanmar အဖွဲ့ကလည်း ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် မင်းအောင်လှိုင်တို့ ဟိုက်ဒရာဘတ်အိမ်တော် (Hyderabad House) တွင် တွေ့ဆုံစဉ်အတွင်း ဝန်ကြီးချုပ် မိုဒီက ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ထိန်းသိမ်းခံထားရသည့်ကိစ္စကို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်စဉ်များနှင့် ချိတ်ဆက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီကရမ် မစ်ဆရီ (Vikram Misri) က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။