ကျောင်းစဖွင့်တဲ့နေ့မှာပဲ မြောက်ဥက္ကလာ ဝေဘာဂီက အထကကျောင်းမှာ မိုးကြိုးပစ်ခံရပြီး ကျောင်းဆရာမနဲ့ ကလေးနှစ်ယောက် ဒဏ်ရာရရှိ

ကျောင်းစဖွင့်တဲ့နေ့မှာပဲ မြောက်ဥက္ကလာ ဝေဘာဂီက အထကကျောင်းမှာ မိုးကြိုးပစ်ခံရပြီး ကျောင်းဆရာမနဲ့ ကလေးနှစ်ယောက် ဒဏ်ရာရရှိ
ဇွန် ၁ ၊ ၂၀၂၆
GG (VOM)

ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်(၅)ရပ်ကွက်၊ ဓမ္မသုခလမ်းရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှာ ဒီကနေ့ ဇွန် ၁ ရက်နေ့ ၊ နေ့လယ်ပိုင်းက မိုးကြိုးပစ်ခံရပြီး ကျောင်းဆရာမ နဲ့ ကျောင်းသားလေး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
နေ့လယ် ၂ နာရီ ၃၅ မိနစ်လောက်မှာ ကျောင်းဆင်းချိန် ကျောင်းဝင် / ထွက်ပေါက်အနီးရှိ ကုက္ကိုပင်ကို မိုးကြိုးပစ်ချရာကနေ ဆရာမတယောက် ၊ ကျောင်းသားနှစ်ယောက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ကြောင်း လက်ရှိ မြောက်ဥက္ကလာဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ် ။
” သုံး​ယောက်လုံး မြောက်ဥက္ကလာဆေးရုံမှာပါ။ကျောင်းသားလေးနှစ်ယောက်မှာ တယောက်က ဘယ်ဘက်ပါးပွန်းပဲဒဏ်ရာနဲ့ ဘယ်ဘက်နားထင် ဒဏ်ရာရပါတယ်။ကျောင်းဆရာမက ခြေထောက်နဲ့ လက်မှာ ဒဏ်ရာရပါတယ်။ ဒဏ် ရာတွေက စိုးရိမ်စရာမရှိပါဘူး။ ” လို့ မြောက်ဥက္ကလာ မြို့နယ်မီးသတ်ဦးစီးအရာရှိကပြောပါတယ်။
မိုးကြိုး စက်ကွင်းမိသူတွေကတော့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းက ပထမတန်း အတန်းပိုင်ဆရာမ ဒေါ်ဖြိုးဇာဇာ ဖြစ်ပြီး ကလေးနှစ်ယောက်က ပထမတန်းကျောင်းသားတွေဖြစ်တဲ့ အသက် ၆ နှစ်အရွယ် မောင်အောင်ဘုန်းခန့် နဲ့ မောင်အောင်ဖြိုးမြတ်တို့ ဖြစ်တယ်လို့ သိရပါတယ် ။
ဒီနေ့ ဇွန် ၁ ရက်မှာ အခြေခံပညာစာသင်ကျောင်း တွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ စတင်ဖွင့်လှစ် သင်ကြားနေတာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်ကလည်း
ဧရာဝတီတိုင်းထဲက ဝါးခယ်မ မြို့နယ်နဲ့ သောင်ကြီးဘက်မှာ မိုးကြိုးပစ်ခံရပြီး အမျိုးသားနှစ်ယောက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မြန်မာနိုင်ငံမှာ မိုးကြိုးအများဆုံးပစ်တဲ့ အချိန်ဟာ မိုးကြိုကာလဖြစ်တဲ့ ဧပြီလနဲ့ မေလ၊ မိုးနှောင်းကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတို့ဖြစ်ပြီး တနေ့တာအတွင်း မွန်းတည့်ချိန်မှစလို့ ညနေ ၆ နာရီခန့်အထိ မိုးကြိုးအပစ်များလေ့ရှိ တယ်လို့ သိရပါတယ်။
မိုးကြိုးပစ်ခံရတဲ့ အခြေအနေတွေက အဆောက်အအုံရဲ့ ပြင်ပမှာ မိုးကြိုးပစ်ခံရမှု ၉၉ ရာခိုင်နှုန်းဖြစ်ပြီး အဆောက်အအုံအတွင်းမှာ မိုးကြိုးပစ်ခံရနိုင်ခြေက တရာခိုင်နှုန်းသာရှိတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။
ကွင်းပြင်အနေအထားမှာ မိုးကြိုးပစ်ခံရနိုင်ခြေအများဆုံးဖြစ်ပြီး ၄၅ ရာခိုင်နှုန်း ရှိပြီး သစ်ပင်အောက်မှာရှိနေပါက ဒုတိယအများဆုံးနဲ့ ၂၃ ရာခိုင်နှုန်း၊ ရေကန်နဲ့ မြစ်ချောင်း ၊အင်းအိုင်စတဲ့ ရေနဲ့ထိစပ်မှုရှိတဲ့နေရာမှာ ရှိနေချိန်က တတိယအများဆုံး မိုးကြိုးပစ်ခံရနိုင်ခြေရှိပြီး ၃ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။