မင်းတုံးမြို့နယ်အတွင်း စစ်တပ်က အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်း ၃ ခုခွဲ၍ ဝင်ရောက်လာသဖြင့် တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး

မင်းတုံးမြို့နယ်အတွင်း စစ်တပ်က အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်း ၃ ခုခွဲ၍ ဝင်ရောက်လာသဖြင့် တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး
ရန်ကုန်၊ ဇွန် ၁
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်း ဖက်စစ်တပ်ကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၈ ရက်နေ့မှစတင်ပြီး စစ်တပ်က အင်အား ၁၀၀၀ ကျော်ဝန်းကျင်ဖြင့် မင်းတုံးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းတွင် သရက်မြို့နယ် ခလရ ၄၄ ၊ သရက် ကပစ ၁၂ ၊ လပခ လက် အောက်ခံတပ်များနှင့် စစ်မှုထမ်းများ ပါဝင်သည့် အင်အား ၁,၀၀၀ ကျော်ပါဝင်ကြောင်း၊ အဆိုပါ စစ်ကြောင်းနှင့် ယနေ့ ဇွန်လ ၁ ရက်နေ့အထိ တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဝင်ရောက်လာသည့် ရန်သူ့စစ်ကြောင်းကို သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက စစ်တပ်စစ်ကြောင်းက စတင်ထွက်ခွာလာရာ သရက်-မင်းတုန်းလမ်းပိုင်းမှ စတင်၍ မင်းတုန်းမြို့နယ် ပြောင်းကျေးရွာနှင့် ဒေါင်းတိုက်ကျေးရွာအနီးများတွင် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ယနေ့အထိ တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး လက်နက် ကြီးစထိမှန်ကာ (မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
“သူတို့က ၄ လပိုင်း ၁၈ ရက်နေ့ကနေစပြီးတော့ အင်အားတွေဖြည့်လာတာ၊ အ ခု ချိန်အထိဆိုရင် ၁၀၀၀ ကျော်ဖြစ်နေပြီ။ ကျနော်တို့နဲ့က သတင်းထုတ်ပြန်ထားတဲ့အတိုင်းပေါ့ လက်ရှိအချိန် တိုက်ပွဲ ၁၇ ကြိမ်ဖြစ်ပွားခဲ့တယ်။ လက်ရှိစစ် ကြောင်းကလည်း ဆက်ထိုးနေတယ်။ လေကြောင်း၊ ဒရုန်း ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကလည်း ရှိနေပါတယ်။ အခုထိလည်း လေကြောင်းကနေ လေယာဉ် ဝဲနေတယ်။ သေဆုံးဒဏ်ရာရတဲ့ စခတွေကိုတော့ မင်းတုန်းကို သယ်တာလည်းရှိတယ်။ နောက်ပြီးတော့ သရက်ကိုသယ်တာလည်းရှိတယ်။ သရက် -မင်းတုန်းလမ်းပိုင်းမှာလည်း တိုက်ပွဲဖြစ်တာ ရှိတော့။” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကိုမြတ်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
လက်ရှိအချိန်အထိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက စစ်ကြောင်း ၃ ကြောင်းခွဲ၍ မင်းတုန်းမြို့နယ် အနောက် ခြမ်းကျေးရွာများနှင့် ရခိုင်ရိုးမအစပ်ဆီသို့ ဆက်လက်စစ်ကြောင်းထိုးနေခြင်းကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်များကို ဂရုပြုကြရန်နှင့် ဘေးကင်းလုံခြုံသည့်နေရာများတွင် နေထိုင်ကြရန် သရက်ခရိုင်အမှတ် ၄ တပ်ရင်းက သတိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မင်းတုံးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း စစ်တပ်လက်အောက်ခံ ကား ၁ စီးကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)