စစ်မြေပြင်မှာ စစ်တပ်အကျအဆုံးများနေဟု PDF စစ်ရုံးချုပ်တာဝန်ရှိသူပြော

စစ်မြေပြင်မှာ စစ်တပ်အကျအဆုံးများနေဟု PDF စစ်ရုံးချုပ်တာဝန်ရှိသူပြော
မေ ၂၈၊ ၂၀၂၆။ထားမြတ်/People’s Spring

နိုင်ငံတဝန်းတိုက်ပွဲတွေမှာ စစ်တပ်က အကျအဆုံးအထိအခိုက်များစွာရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ် ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က ပြောပါတယ်။
ဒေါက်တာစိုးသူရဇော်က ဒီကနေ့ မေလ ၂၈ရက်ညပိုင်းမှာ နိုင်ငံတဝန်း စစ်ရေးအခြေအနေတွေ ပြည်သူတွေ သိရှိစေဖို့နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှု မခံရအောင် ရှောင်ဖို့၊ တကယ်လို့ စုဆောင်းခံရရင် လွတ်အောင်ပြေးဖို့ ၊လွတ်လမ်းမရှာနိုင်ဘဲ စစ်မြေပြင် ရောက်လာရင် တော်လှန်ရေးဘက် ကူးပြောင်းပြီး လက်နက်ချဖို့ တိုက်တွန်းချက် ကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။
” စစ်မြေပြင်မှာ ရန်သူဘက်က အကျအဆုံး အင်မတန်များပါတယ် ။ တနေရာ/ နှစ်နေရာမှာဘဲ ဒီလို ဖြစ်နေတာ မဟုတ်ပါဘူး ။မြန်မာတနိုင်ငံလုံးက စစ်ဂွင်အသီးသီးမှာ ရန်သူဘက်က အကျအဆုံး အထိအခိုက်ဟာ ကြောက်ခမန်းလိလိ ဖြစ်ပါတယ် ။ တရားဝင် သတင်းမထုတ်ပြန်ပေမယ့် ကျွန်တော်တို့ဆီ တက်လာတဲ့ Daily Report တွေအရ နေ့စဉ်တိုက်ပွဲအသီးသီးကနေ သိမ်းဆည်းရမိတဲ့ ရန်သူ့အလက် ၊ အလောင်းတွေဟာ မနည်းပါဘူး” လို့ ဒေါက်တာစိုးသူရဇော်က ပြောပါတယ်။
တကယ့်စစ်မြေပြင်ရဲ့ အဖြစ်သနစ်ကို ရန်သူကိုယ်တိုင်လည်း ကောင်းကောင်းသိပေမယ့် ပြည်သူလူထုအနေနဲ့ အခြေအနေမှန်ကို သိဖို့ ခက်ခဲနေဟု ပြောပါတယ်။
” အထူးသဖြင့် ရန်သူ့နယ်မြေမှာ ရှင်သန်ရပ်တည်နေရတဲ့ ပြည်သူလူထုဟာ မနီးမဝေးမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ နေ့စဉ်ဘာတွေ ဖြစ်နေသလဲဆိုတာ မသိပါဘူး ။ကိုယ့်ဘေးပတ်ဝန်းကျင်မှာ တရိရိနဲ့ ပျောက်ဆုံးသွားတဲ့ ကိုယ့်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရော ရကြသေးရဲ့လား၊ သူတို့တွေ အိမ်ရော ပြန်လာနိုင်ကြရဲ့လား ၊ စစ်အာဏာရှင်ကတော့ သူတို့အာဏာမစွန့်ရရင်ပြီးရော တတိုင်းပြည်လုံးက လူငယ်တွေကို အသက်စွန့်ခိုင်းနေပါတယ် ။အခုဘဲ လူစု …..အခုဘဲ သင်တန်းပေး…..အခုဘဲ စစ်မြေပြင်လွှတ်ခံလိုက်ရတဲ့ ….ပစတွေနဲ့ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေရဲ့ တိုက်ရည်ခိုက်ရည်က အပုံကြီးကွာပါတယ်” လို့ ဒေါက်တာစိုးသူရဇော်က ရှင်းပြပါတယ်။
တကယ့်လက်တွေ့ စစ်မြေပြင်မှာ တော်လှန်ရေးဘက်တော်သားတွေအတွက် ရွေးချယ်စရာမရှိကြောင်း၊ ရန်သူ့ အဓမ္မ အမိန့်နာခံပြီး စစ်ချီလာရင် အပြတ်ချေမှုန်းရုံသာရှိကြောင်း ပြောပါတယ်။
“အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားတွေ အတင်းအဓမ္မစုဆောင်းခံရတဲ့ ပစတွေအတွက်ကတော့ ရွေးချယ်စရာရှိပါတယ်။အဲ့ဒီ ရွေးချယ်စရာကတော့ အခွင့်အရေးရရင် လွတ်အောင်သာ ပြေးကြပါ ။ တိုက်ရည်ခိုက်ရည် အပုံကြီးကွာနေတဲ့ စစ်ပွဲထဲမှာ ပစတွေအနေနဲ့ ကိုယ့်ကိုကိုယ် အလကား အသေမခံပါနဲ့ ။ကိုယ့်ရဲ့ ဘဝ အနာဂါတ်တွေကို ရင်းပြီးမှ စစ်ပွဲထဲမှာ လာပြီး အလကား အသေမခံပါနဲ့ “ လို့ PDF စစ်ရုံးချုပ် တာဝန်ရှိသူက ပြောပါတယ်။
တော်လှန်ရေးဘက်ကို ကူးပြောင်းလာရင် အသက်မသေစေဘဲ ကောင်းမွန်စွာ စောင့်ရှောက် ကျွေးမွေးထားတယ်လို့ အသိပေးပါတယ်။
“ဒီတော့ …… အတင်းအဓမ္မ စုဆောင်းမခံရအောင်လည်း ရှောင်ပါ။ မတော်လို့ စုဆောင်းခံရရင်လည်း ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ လွတ်အောင်သာပြေးပါ ။ ကိုယ့်လွတ်လမ်းကို ရအောင် မရှာနိုင်ဘဲ စစ်မြေပြင်ကို ရောက်လာပြီဆိုရင်လည်း တော်လှန်ရေးဘက်ကို ကူးပြောင်းပြီး လက်နက်ချပါ ။ တိုက်ရည်ခိုက်ရည် အပုံကြီးကွာနေတာကို ခံမတိုက်ပါနဲ့ ။ ခံတိုက်လို့ အသက်မရှင်နိုင်ပါဘူး ။ လက်နက်ချမှသာလျှင် အသက်အာမခံချက် အပြည့်အဝ ရမှာ ဖြစ်ပါတယ်” လို့ ဒေါက်တာစိုးသူရဇော်က ရေးသားထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း ကိုယ့်သားသမီး ၊ ကိုယ့်သူငယ်ချင်း အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း မခံရစေဖို့ ဝိုင်းပြီးစောင့်ရှောက်ပေးကြဖို့လည်း နှိုးဆော်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေကို အဓမ္မ စစ်သားစုဆောင်း စစ်သင်တန်းပေးပြီး လူလှိုင်းစစ်ဆင်ရေးသုံးပြီး ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတာလို့ တော်လှန်ရေး တပ်မှူးတွေက ပြောကြားလိုက်ပြီး စစ်သားအစုဆောင်းမခံရဖို့ ပေါ်တာအဆွဲမခံရစေဖို့ သတိထားကြရန် တိုက်တွန်းထားပါတယ်။
အခုလပိုင်းတွေမှာ စစ်တပ်က ကချင်၊ချင်း၊စစ်ကိုင်း ၊ရခိုင် ၊ကရင် ၊ကရင်နီ ၊မကွေး ၊ပဲခူး၊မွန် ၊တနသာ်ရီ စတဲ့ ဒေသအစုံကို စစ်အင်အားအများကြီးနဲ့ စစ်ကြောင်းတွေထိုးနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ အသီးသီးက တာဝန်ရှိသူတွေကို မေးမြန်းရာ စစ်မှုထမ်းတပ်သားသစ်တွေကို စတေးပြီး အာဏာသိမ်းစစ်တပ်က စစ်ရေးရည်မှန်းချက်တွေ အောင်မြင်ဖို့ လုပ်နေတာကို ထောက်ပြ သတိပေးတာဖြစ်ပါတယ်။
” သူတို့က အင်အားအလုံးအရင်းနဲ့ တဝက်လောက်ကို စစ်မြေပြင်မှာ ဆုံးရှုံးမယ်။ကျန်တဲ့ တဝက်ကို နယ်မြေထိန်းချုပ်မယ် အဲဒီလို ပုံစံနဲ့လူကိုရင်းတာပေါ့။အဲဒါကို ပြည်သူတွေ သိဖို့ လိုပါတယ်။ကျွန်တော်တို့ကတော့ အဲဒီလိုမဟုတ်ဘူး ရှိတဲ့သူနဲ့ ကျွန်တော်တို့ အနိုင်ရရှိရေးကို နည်းနည်းနဲ့ ကြဲကြဲ၀ိုင်းမယ်” လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ရွှေဘိုခရိုင် ၊အမှတ် (၉၇၀၆)တပ်ရင်း ၊ တပ်ရင်းမှူးကိုလကျာ်ကလည်း “ ကျွန်တော်တို့လက်တွေ့ကိုကြုံတာရှေ့မှာက ငယ်ငယ်လေးတွေဗျ။ တချို့ကလေးတွေဆိုလို့ရှိရင် ၁၅ နှစ် ၁၆ နှစ်လောက်ပဲရှိမှာ ။ သေတဲ့ကလေးတွေက ။အဲဒီတော့ ပြီးတော့ ပြန်သိရတဲ့ အခြေအနေကလည်း သူတို့နောက်က‌နေပြီး သေနတ်နဲ့ ထောက်ထားတယ်။ အဲဒီ့အခြေအနေကိုရှေ့ကနေပြီးတော့ တောက်လျှောက်တွန်းခိုင်းတာမျိုးရှိတယ်ပေါ့ဗျာ။ သေတွင်းထဲတောက်လျှောက် ၊ ဘယ်လိုခေါ်မလဲ။ သူတို့ကခွဲခြားတဲ့ အခြေအနေတွေရှိတယ်ဗျာ။ သန္ဓေ စကစ စစ်သားနဲ့ ‌အခု‌ကဒီပေါ်တာဆွဲတဲ့ ကလေးတွေနဲ့ဟာတွေကဘယ်လိုပြောရမလဲဆိုတော့ ကွာတယ်ပေါ့။ သူတို့ကိုပဲရှေ့ကတက်ခိုင်းတဲ့ အခြေအနေတွေရှိတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၂၂)ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်ကလည်း စစ်တပ်က အင်အားအများအပြား အသုံးပြု စစ်ကြောင်းထိုးတာတွေက အင်အားတွေ လိုသလောက်စုရတယ်ဆိုတဲ့ အတွေးနဲ့ လုပ်နေတာလို့လည်း သုံးသပ်ပါတယ်။
“ ပေါ်တာ ဆွဲ ရတယ်‌ဆိုတဲ့ မျှော်မှန်ချက်တွေ နဲ့ အသေခံ တက်ခိုင်းထိုးခိုင်းနေကြတာပါ ဒီထဲမှာမလည်တဲ့ မပါးတဲ့သူကတော့ ရှေ့တန်းပို့ခံရရင် သေမှာပါဘဲ၊လည်တဲ့ပါးတဲ့သူဆိုရင်တော့တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူပေါင်း လက်နက်ချ အဲ့တာ ဆို သူတို့အတွက် အခွင့် အလမ်းတွေ ရမယ် ၊ ဂုဏ်ပြုဆုငွေတွေ ရနိုင်ပါမယ်၊”လို့ ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။
စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းတပ်သားတွေကို ခွဲခြားဆက်ဆံတာ၊ တိုက်ပွဲတွေမှာ ရှေ့တန်းက အသေခံတိုက်ပွဲဝင်ခိုင်းတာ၊ ရှေ့တက်ဖို့ ငြင်းဆန်ရင် ပစ်သတ်မယ်လို့ စစ်တပ်က ခြိမ်းခြောက်တာတွေရှိတယ်လို့ စစ်ကောင်စီတပ်က ထွက်ပြေးလာတဲ့ စစ်မှုထမ်း တပ်သားတွေက ပြောပြထားပါတယ်။
(သရက်ကန်ပျူစောထီးကျေးရွာ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ၊ ညောင်ဦးမြို့နယ် ငါ့သရောက်နယ်မြေတိုက်ပွဲအတွင်း စစ်တပ်အထိနာပြီးကျန်ခဲ့တဲ့ စစ်အသုံးအဆောင်တွေ။ ဓာတ်ပုံ – Magway People’s Defence Force – Magway PDF၊ ညောင်ဦး ပကဖ)