တပ်ချုပ်သစ် ရဲဝင်းဦး က ရွေးတုသမ္မတ မင်းအောင်လှိုင် အလိုကျ မိုးရာသီကာလတွင်ပါ ထိုးစစ်ဖော်ဆောင်မှုများ လုပ်ဆောင်လာ

တပ်ချုပ်သစ် ရဲဝင်းဦး က ရွေးတုသမ္မတ မင်းအောင်လှိုင် အလိုကျ မိုးရာသီကာလတွင်ပါ ထိုးစစ်ဖော်ဆောင်မှုများ လုပ်ဆောင်လာ
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် အလိုတော်ကျ ၎င်း၏လူယုံတော် တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက မိုးတွင်းကာလတွင်ပါ စစ်ဆင်ရေး ဖော်ဆောင်နေပြီး မကွေးတိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းတို့ကို အဓိကထား၍ စစ်ရေးအရှိန်မြှင့်တင် နေကြောင်း စစ်ရေးလေ့လာသူများနှင့် တပ်တွင်းရင်းမြစ်များထံမှ သိရသည်။
ယခင်ကာလများက မိုးရာသီအတွင်း အကြီးစားစစ်ရေးထိုးစစ်များ ဖော်ဆောင်လေ့မရှိသော်လည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာသည့်အခါ ရွေးတုအစိုးရ၏ စစ်ရေးအရှိန်မလျော့စေရန် မိုးရာသီကာလတွင်ပါ ယခုကဲ့သို့ စစ်ဆင်ရေးများ ပုံဖော်ကြိုးပမ်းလာခြင်းဖြစ်ကြောင်း တပ်တွင်းနှင့် CDM အရာရှိများက ထောက်ပြကြသည်။
“ရက် ၁၀၀ စီမံချက်က မိုးတွင်းနဲ့ သွားတိုက်နေတော့ မနားဘူး။ နေပူမရှောင်၊ မိုးရွာမရှောင် သူတို့တိုက်ပေးမယ်ဆိုတဲ့ သဘောမျိုးနဲ့ သူ့ဆရာ မင်းအောင်လှိုင်ကို အာမခံပေးတာလို့ ပြောရမှာပေါ့” ဟု စစ်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာသူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ကြောင့် ရွေးတုအစိုးရတပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ၎င်းတို့လက်အောက်ခံ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်များသို့ ကိုယ်တိုင်သွားရောက်၍ မိုးရာသီအတွင်း စစ်ဆင်ရေးများ အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ညွှန်ကြားထားကြောင်း တပ်တွင်းနီးစပ်သူများထံမှ သိရသည်။
“ရဲဝင်းဦး တက်လာပြီး နောက်ပိုင်းကတော့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုပြီးပြင်းပြင်းထန်ထန် လုပ်လာတာရှိတယ်။ အဓိကကတော့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်ကြောင့်လည်း ပါတယ်ပေါ့နော်” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောသည်။
ရွေးတုအစိုးရသည် ၎င်းတို့၏ ပထမအကြိမ် “ရက် ၁၀၀ စီမံချက်” ကို ပြီးခဲ့သော ဧပြီ ၂၀ ရက်နေ့မှ စတင်၍ လာမည့် ဇူလိုင် ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
“အဓိကကတော့ မန္တလေး-မြစ်ကြီးနား ကားလမ်းကြီးကို မပျက်အောင်လို့ လုပ်ထားပြီး မကွေးတိုင်း၊ ယောနဲ့ မကွေးအနောက်ခြမ်း၊ ပလက်ဝကို ဝင်ဖို့အတွက် ချင်းတောင်ပိုင်းကို မရရအောင် စစ်ဆင်ရေး‌ဖော်ဆောင်၊ တံခါးလိုက်ခေါက်နေတဲ့ အနေအထားမျိုး” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
လက်ရှိတွင် ရွေးတုအစိုးရတပ်သည် ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ် လမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနား (ကချင်ပြည်နယ်) လမ်းပိုင်းကဲ့သို့သော အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ အပြင် ချင်းပြည်နယ် (မြောက်ပိုင်း) မြို့နယ်အချို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ရန် အင်အားသုံး ကြိုးပမ်းလျက်ရှိသည်။
ယင်းအပြင် ချင်းပြည်နယ် (တောင်ပိုင်း) ဝင်ပေါက်မြို့နယ်များနှင့် ထိစပ်ဒေသများကိုလည်း ရွေးတု အစိုးရတပ်က စစ်အင်အား အလုံးအရင်းဖြင့် ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိပြီး မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရခိုင်၊ ကရင်၊ ကချင် စသည့် တိုင်းနှင့် ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
သို့သော်လည်း မိုးရာသီကာလ ရာသီဥတုအခြေအနေကြောင့် ရွေးတုအစိုးရတပ်၏ အဓိက အားသာချက်ဖြစ်သော လေကြောင်းပစ်ကူပိုင်းတွင် အကန့်အသတ်များ ရှိလာနိုင်ကြောင်း သုံးသပ်မှုများ လည်း ရှိနေသည်။
“မိုးတွင်းဖြစ်လို့ ပွင့်လင်းရာသီနဲ့တော့ မတူဘူး၊ လေကြောင်းစွမ်းအားတော့ နည်းနည်းလျော့သွားတဲ့ သဘောတော့ရှိတယ်။ နောက်ပြီး ပွင့်လင်းရာသီလောက် စစ်ရေးထိုးစစ်ကို ပြင်းပြင်းထန်ထန် လုပ်နိုင်မယ့် အနေ အထားတော့ မရှိနိုင်ဘူး” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဆိုသည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ၎င်းတပ်ချုပ် ဖြစ်လာပြီးနောက် တပ်တွင်းပြင်ဆင်မှုများ ပိုမိုပြုလုပ်လာ သလိုစိတ်ဓာတ်စစ်ဆင်ရေးအနေဖြင့်လည်း အောက်ခြေတပ်ဖွဲ့ဝင်များအထိ ဆင်း၍ အယောင်ဆောင် စည်းရုံး ထိတွေ့ဆက်ဆံမှုများ ပိုမိုလုပ်ဆောင်လာကြောင်း တပ်အသိုင်းအဝန်းထံမှ စုံစမ်းသိရသည်။
ဓာတ်ပုံ- MOI