မင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် အာဏာတည်မြဲရေးအတွက် မြန်မာ့ မျိုးဆက်သစ် တစ်ခုလုံးကို ဖျက်ဆီးနေဟု အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ ထုတ်ပြန်

မင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် အာဏာတည်မြဲရေးအတွက် မြန်မာ့ မျိုးဆက်သစ် တစ်ခုလုံးကို ဖျက်ဆီးနေဟု အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ ထုတ်ပြန်
25 May 2026 By Mon Lay / MPA
မင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ဖမ်းဆီးပြန်ပေးဆွဲခြင်းနှင့် အတင်းအဓမ္မ စစ်သားစု ဆောင်းခြင်းလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေခြင်းအပေါ် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) က ယနေ့( မေ ၂၅ရက်)တွင် ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ပြီး ကန့်ကွက်ရှုတ်ချလိုက်သည်။
စစ်အုပ်စုသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက်ပိုင်း ယနေ့အထိ အရပ်သားပြည်သူပေါင်း ၁၂၀,၀၀၀ခန့်ကို အတင်းအဓမ္မ စစ်သားစုဆောင်းခဲ့ကြောင်း အစီရင်ခံစာများက ဖော်ပြသည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။
အင်ဒိုနီးရှား ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်၊ APHR ၏ ဥက္ကဋ္ဌလည်းဖြစ်သူ မာစီ ခရစ္စတီ ဘာရန်းစ် က “စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် အသည်းအသန်ဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်တစ်ခုလုံးကို ခိုးယူဖျက်ဆီးနေတာ ဖြစ်ပါတယ်။ လူငယ်မောင်မယ်တွေရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ ဂုဏ်သိက္ခာရှိရှိ ရှင်သန်ခွင့်တွေကို ရိုက်ချိုးနေတဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေကို အတိအလင်း ချိုးဖောက်နေတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ကလည်း စစ်ကော်မရှင်၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြည်နယ်နှင့် တိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့များကို လူဝင်မှုကြီးကြပ်ရေးရုံးများနှင့် ပူးပေါင်းကာ စစ်မှုထမ်းရမည့်သူများ၏ စာရင်းကို ပြုစုရန် အမိန့်ပေးခဲ့သည်။
အဆိုပါ စာရင်းပြုစုမှုတွင် မိသားစုဝင်တစ်ဦးချင်းစီ၏ မွေးသက္ကရာဇ်နှင့် အလုပ်အကိုင်များ ပါဝင်သည့် မြို့နယ်အလိုက် အိမ်ထောင်စုစာရင်း အသေးစိတ်အချက်အလက်များကို အသုံးပြုနေခြင်းဖြစ်ပြီး၊ လက်ရှိတွင် စစ်မှုထမ်းရန် အကျုံးဝင်နိုင်သူ ၁၃ သန်းခန့်အထိ ရှိနေသဖြင့် စနစ်တကျ တိုးချဲ့စုဆောင်းရန် ခြေလှမ်းပြင်နေခြင်းကို ပြသနေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်ကတည်းက လူငယ်အများအပြားသည် အလုပ်မှအိမ်ပြန်လမ်းတွင် အဓမ္မဖမ်းဆီးခံရခြင်း သို့မဟုတ် နေအိမ်များအတွင်းမှ စစ်သားစုဆောင်းခြင်း ခံနေရသဖြင့် မိသားစုများနှင့် လူမှုအသိုက်အဝန်းများမှာ စိတ်ဒဏ်ရာကြီးစွာ ရရှိနေကြရသည်ဟု APHRက ဆိုသည်။
စစ်အုပ်စုသည် ဖမ်းဆီးခေါ်ဆောင်သွားသူများနှင့် မိသားစုများအကြား ဆက်သွယ်ခွင့်ကို လုံးဝပိတ်ပင်ထားလေ့ရှိရာ၊ အချို့မိသားစုများသည် မိမိတို့ချစ်ရသူများ တိုက်ပွဲအတွင်း သေဆုံးသွားမှသာ သိရှိကြရပြီး၊ အချို့မှာမူ သားသမီးများ ပြန်လည်လွတ်မြောက်ရေးအတွက် အိမ်ခြံမြေများကို ပေါင်နှံရောင်းချနေရကြောင်း APHR က ထောက်ပြထားသည်။
ထို့ပြင် စစ်တပ်မှ ထွက်ပြေးတိမ်းရှောင်လာသူများနှင့် စစ်မှုထမ်းရန် ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်များအရ စစ်သားသစ်များကို စစ်သင်တန်း ကောင်းမွန်စွာပေးခြင်းမရှိဘဲ ရှေ့တန်းစစ်မျက်နှာပြင်များသို့ တိုက်ရိုက်စေလွှတ်နေပြီး၊ အရာရှိများက ဆုတ်ခွာသူများကို သေနတ်ဖြင့် ပစ်ခတ်ကာ ၎င်းတို့အား လူသားဒိုင်းနှင့် အသေခံအသုံးချခံများအဖြစ် လုပ်ဆောင်နေကြောင်း သိရသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင်လည်း အသက် ၁၂ နှစ်အရွယ် ကလေးသူငယ်များကို တိုက်ပွဲမြေပြင်အတွင်းသို့ အတင်းအဓမ္မ စေလွှတ်ခြင်းအပါအဝင် ကလေးသူငယ်များအပေါ် ဆိုးရွားစွာ ချိုးဖောက်မှုပေါင်း ၂,၁၃၈ ခုအထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၏ လုပ်ဆောင်ချက်များသည်လည်း ဤအကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး၊ အထူးသဖြင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အတင်းအဓမ္မ ပြန်လည်နှင်ထုတ်ခဲ့ဟု APHRက အသိပေးထားသည်။
အဆိုပါ နှင်ထုတ်ခံရသူအချို့သည် နယ်စပ်တွင် စစ်ကော်မရှင် စစ်သားများ၏ သေနတ်ဖြင့် ချိန်ရွယ်ကာ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကို ခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်နေသဖြင့်၊ ဤလုပ်ရပ်သည် နိုင်ငံတကာဥပဒေအရ စစ်ဘေးရှောင်များကို အန္တရာယ်ရှိသည့် နေရာသို့ အတင်းအဓမ္မ ပြန်မလွှတ်ရဟူသော မူဝါဒ (Refoulement) နှင့် လူကုန်ကူးမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေလျက်ရှိသည်။
မလေးရှားနိုင်ငံ ဆူဘန်း (Subang) မြို့နယ်၏ လွှတ်တော်အမတ်လည်းဖြစ်၊ APHR ၏ ဘုတ်အဖွဲ့ဝင်လည်းဖြစ်သူ ဝေါင်ချန်း က “စစ်အုပ်စုက အရပ်သားတွေကို ဖမ်းဆီးပြီး တိုက်ပွဲဝင်ဖို့ အတင်းအဓမ္မ စေခိုင်းနေမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လျစ်လျူရှုမထားသင့်ပါဘူး။ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပူးပေါင်းပြီး အခြေခံမူဝါဒအတိုင်း အရေးယူဆောင်ရွက်ရမှာဖြစ်သလို၊ စစ်အုပ်စုကို ပြစ်တင်ရှုတ်ချပြီး တတာဝန်ခံမှုရှိစေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံထားရသူအားလုံး မိသားစုတွေထံ ဘေးကင်းလုံခြုံစွာ လွတ်မြောက်ပြီး သဘောဆန္ဒအလျောက် ပြန်နိုင်ရေးကိုလည်း သေချာအောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်”ဟု တောင်းဆိုထားသည်။
အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) အနေဖြင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသားများကို ပြန်လည်နှင်ထုတ်နေမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် တိမ်းရှောင်လာသည့် လူငယ်များ၏ ဘေးကင်းလုံခြုံမှုအတွက် Non-refoulement မူဝါဒကို လိုက်နာစောင့်ထိန်းရန် တိုက်တွန်းထားသည်။
ထို့ပြင် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ချက်များကို ပံ့ပိုးပေးနိုင်ရန် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထားများနှင့် မှတ်တမ်းမှတ်ရာများကို ဦးစားပေး ထိန်းသိမ်းစောင့်ရှောက်ရန်လည်း လိုအပ်ကြောင်း ဆိုသည်။
APHR သည် စစ်အုပ်စု၏ အကြမ်းဖက်ဖိနှိပ်မှုအောက်တွင် ရုန်းကန်နေရသည့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသလိုက်ပြီး၊ မြန်မာနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များအပေါ် စစ်တပ်က ကျူးလွန်နေသည့် ရက်စက်မှုများကို ချက်ချင်းတားဆီးနိုင်ရန် အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အရေးပေါ် ပူးပေါင်းအရေးယူဆောင်ရွက်ပေးကြရန် အလေးအနက် တောင်းဆိုထားသည်။
ဓာတ်ပုံ -လူမှုကွန်ရက်
စာတည်း-ကိုဆန်း
#မင်းအောင်လှိုင် #အာဏာတည်မြဲရေး #MPA