တိရစ္ဆာန်အညစ်အကြေး အသုံးပြုပြီး လျှပ်စစ်ထုတ်ယူရန် မင်းအောင်လှိုင်ပြော

တိရစ္ဆာန်အညစ်အကြေး အသုံးပြုပြီး လျှပ်စစ်ထုတ်ယူရန် မင်းအောင်လှိုင်ပြော
CJ Platform
မွေးမြူရေးလုပ်ငန်းတွေက ထွက်ရှိလာတဲ့ တိရစ္ဆာန်အညစ်အကြေးတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်နဲ့ လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်သက်သာစေဖို့အတွက် အညစ်အကြေးတွေကို ပြန်လည်သိုလှောင်ပြီး ဇီဝဓာတ်ငွေ့သုံးလျှပ်စစ် ထုတ်လုပ်မှုစနစ်ကို အသုံးပြုဆောင်ရွက်စေဖို့ ကိုယ်တိုင်ခန့် သမ္မတမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
မနေ့က မေလ ၂၄ ရက်က နေပြည်တော်က ရွှေမြို့မွေးမြူရေးဇုန်နဲ့ တပ်ကုန်းမြို့နယ်က အမှတ် (၁) ကံကြီးမွေးမြူရေးဇုန်တို့ကို သွားရောက်စဉ်မှာ ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်က အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူဟာ ကံကြီးမွေးမြူရေးဇုန်အတွင်းက “ဖန်ဟွ” နို့စားနွားမွေးမြူရေးခြံကို ရောက်ရှိစဉ် နို့စားနွားမွေးမြူရာမှာ အစာကျွေးမွေးမှုစနစ်သာမက အညစ်အကြေးသိမ်းဆည်းမှုစနစ်တွေကိုပါ စနစ်တကျ လေ့လာဖို့လိုကြောင်းနဲ့ ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေကို Biogas စနစ်နဲ့ ပြောင်းလဲပြီး လျှပ်စစ်မီးထုတ်လုပ်သုံးစွဲပါက ပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိနိုင်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အသားတိုးကြက်နဲ့ ဥစားကြက်မွေးမြူရေးခြံတွေကို အပူရှိန်သက်သာစေဖို့ အမိုးတွေမှာ အုတ်ကြွပ်တွေကို ပြောင်းလဲအသုံးပြုဖို့နဲ့ နို့ဆီ၊ နို့စိမ်းအပြင် နို့မှုန့်တွေကို ပြည်တွင်းမှာ လုံလောက်အောင် ထုတ်လုပ်ပြီး ပြည်ပက တင်သွင်းနေရတာတွေကို လျှော့ချနိုင်ရေး ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရွှေမြို့မွေးမြူရေးဇုန်အတွင်းက ဆိတ်မွေးမြူရေးခြံနဲ့ ဝက်မွေးမြူရေးခြံတွေကို သွားရောက်စဉ်မှာလည်း ဇီဝလုံခြုံမှုရှိစေရေး စီမံဆောင်ရွက်ဖို့နဲ့ ပြည်ပက မျိုးတင်သွင်းတာထက် ပြည်တွင်းမှာတင် ကိုယ်တိုင်မျိုးထုတ်လုပ်တဲ့စနစ်ကိုလည်း စီမံချက်ချ ဆောင်ရွက်ဖို့ကိုလည်း ပြောခဲ့ပါတယ်။
ဓာတ်ပုံ – Pro_SAC
#CJPlatform #နေပြည်တော် #မွေးမြူရေးဇုန် #မင်းအောင်လှိုင် #ဇီဝဓာတ်ငွေ့ #Biogas