ဒုစစ်ခေါင်းဆောင်ဟောင်း စိုးဝင်း ဦးဆောင်သော ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံးဖွင့်ပွဲ စစ်တပ်ဝါဒဖြန့်သတင်းစာများနှင့်ရုပ်မြင်သံကြားလိုင်းအားလုံးတွင် လူရာသွင်း သတင်းဖော်ပြခြင်း လုံး၀ မပြုဘဲ လျစ်လျူရှုခံထားရ
ရန်ကုန်၊ မေ ၂၁



စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ဒုတိယစစ်ခေါင်းဆောင်ဟောင်း စိုးဝင်းကို စစ်တ်ပရာထူးမှအနားပေးကာ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသည့် “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံးဖွင့်ပွဲ” ကို နေပြည်တော်တွင် ကျင်းပခဲ့သော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများနှင့် ရုပ်မြင်သံကြားလိုင်းများတွင် လူရာသွင်း သတင်း ဖော်ပြခြင်းမရှိဘဲ လုံး၀ လျစ်လျူရှုထားသည်ကို တွေ့ရှိရသည်။
နေပြည်တော်တွင် အဆိုပါ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံးဖွင့်ပွဲကို မေလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ရုံးလုပ်ငန်းများကို စတင်လုပ်ကိုင်နေပြီဖြစ်သော်လည်းအဆိုပါ ရုံးဖွင့်ပွဲကို မေလ ၂၀ ရက်နေ့နှင့်မေလ ၂၁ ရက်နေ့ ထုတ် ကြေးမုံ၊ မြန်မာ့အလင်း၊ မြ၀တီ သတင်းစာ အပါအဝင် ဝါဒဖြန့် သတင်းစာများ၊ MRTV ၊ MWD အပါအဝင် ရေဒီယိုနှင့် ရုပ်မြင်သံကြားလိုင်းများတွင် လုံး၀ ဖော်ပြခြင်းမပြုသည်ကို တွေ့ရှိရသည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ရုံးဖွင့်ပွဲသို့ ကောင်စီဥက္ကဋ္ဌစိုးဝင်းနှင့် ကောင်စီဝင်များအားလုံး တက်ရောက်ခဲ့ကြပြီး အမှတ် တရ သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း စစ်တပ်ထိန်းချုပ်ထားသည့် မီဒီယာများတွင် ယင်းဖြစ်စဉ်ကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီတွ် စိုးဝင်း အပါအဝင် ပုဂ္ဂိုလ် ၁၁ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒုစစ်ခေါင်းဆောင် စိုးဝင်းအား စစ်ဦးစီးချုပ်ရာထူးကို လွှဲပြောင်းပေးအပ်ခြင်းမရှိဘဲ အတင်း အကျပ် အငြိမ်းစားယူခိုင်းခဲ့ပြီးနောက် အဆိုပါကောင်စီတွင် ဥက္ကဋ္ဌအဖြစ် နှစ်သိမ့်သည့်အနေဖြင့် ပြောင်းရွှေ့ခန့်အပ်ခဲ့ခြင်း ဖြစ်သည်ဟု တပ်အသိုင်းအ၀ိုင်းက သုံးသပ်သည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီတွင် ဥက္ကဋ္ဌ အဖြစ် စိုးဝင်း၊ အတွင်းရေးမှူး အဖြစ် မောင်မောင်အေးကောင်စီဝင်များအဖြစ် သန်းဆွေ၊ ကိုကိုလှိုင်၊ မိုးအောင်၊ ဒေါက်တာရင်ရင်နွယ်၊ ချိုချိုကျော်ငြိမ်း (ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)၊ ကိုကိုကြီး (ပြည်သူ့ပါတီဥက္ကဋ္ဌ)၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူနှင့် ဇော်အေးမောင်တို့ ပါဝင်ကြသည်။
ယင်းကောင်စီအနေဖြင့် နိုင်ငံ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြံပေးရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန်အတွက် ဖြစ်ကြောင်း သိရှိရသည်။