စလော့ဂိမ်းလောင်းကစားသည့် ကျောင်းဆရာမက ဓားပြမှုကျူးလွန်ပြီး သားအမိ ၂ ဦး သေဆုံး
DVB
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာမှာ အွန်လိုင်းစလော့ဂိမ်းလောင်းကစားပြီး အကြွေးပြဿနာတွေကြောင့် မူလတန်းပြကျောင်းဆရာမ တယောက်က ဓားပြတိုက်မှု ကျူးလွန်ရာကနေ သားအမိ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
မေ ၁၉ ရက် ညပိုင်းက မူလတန်းပြဆရာမ မနုနုထွေးဟာ မိန်းကလေး ၂ ယောက်တည်း နေထိုင်တဲ့ ဒေါ်မြကြည်ရဲ့ နေအိမ်ကို အခွင့်ကောင်းယူပြီး တယောက်တည်း ဓားပြတိုက်ခဲ့တယ်လို့ ရွာသားတွေ က ပြောပါတယ်။
အဲဒီလို ဝင်ရောက်ချိန်မှာ နေအိမ်အတွင်းရှိ ဒေါ်မြကြည်နဲ့ သမီး မစန်းစန်းအေးတို့က ပြန်ခုခံခဲ့တာ ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားနဲ့ ထိုးခဲ့တာလို့ သိရပါတယ်။
မြင်းမူးကျေးရွာ ဒေသခံတယောက်က “သူက စလော့ဂိမ်း အရမ်းစွဲနေတယ်ဆိုတာ ရွာထဲမှာ လူတော်တော်များများ သိထားကြတယ်။ ငွေကြေးအခက်အခဲတွေလည်းရှိပြီး နောက်ပိုင်း စိတ်အခြေအနေလည်း မတည်မငြိမ် ဖြစ်နေတယ်လို့ ကြားရတယ်။ ဂိမ်းကြောင့် ခုလို ဓားပြတိုက်ပြီး လုပ်ရက်တာကတော့ တော်တော်ကြောက်ဖို့ကောင်းတယ်။ ခုလိုဖြစ်စဉ်မျိုးလည်း မကြားဘူးတော့ ဒေသခံတွေ တော်တော်ထိတ်လန့်နေကြတယ်” လို့ DVB ကို ပြောပါတယ်။
အခင်းဖြစ်ပွားချိန်မှာ နေအိမ်ဘက်က အော်ဟစ်အကူအညီတောင်းသံတွေ ကြားရတာကြောင့် တခြံဝင်းတည်းနေ ဦးသောင်းကြွယ်က သွားရောက်ကြည့်ရှုရာ ဒေါ်မြကြည်နဲ့ မစန်းစန်းအေးတို့ဟာ သွေးအိုင်ထဲမှာ ဓားဒဏ်ရာတွေနဲ့ လဲကျနေတာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နေအိမ်အတွင်းမှာ ကျောင်းဆရာမ မနုနုထွေးကို ဓားဦးချွန်တလက် ကိုင်ဆောင်ထားတာ တွေ့ရတာကြောင့် ပတ်ဝန်းကျင်က ဒေသခံတွေကို အော်ဟစ်အကူအညီတောင်းခဲ့ရာ ရွာခံတွေ ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အခင်းဖြစ်ပွားရာအနီး နေထိုင်သူ အမျိုးသမီးတယောက်က “ကျမတို့ ရောက်သွားချိန်မှာ အိမ်ထဲက မြင်ကွင်းက တော်တော်ကြောက်ဖို့ကောင်းတယ်။ သွေးတွေလည်း အများကြီးထွက်ထားတယ်။ ရွာမှာလည်း အခုထိ လူတွေ တုန်လှုပ်နေကြတုန်းပဲ” လို့ ပြောပါတယ်။
ဓားထိုးခံရမှုကြောင့် မစန်းစန်းအေးမှာ ရင်ဘတ်၊ ရင်ညွန့်နဲ့ ပေါင်ပိုင်းတွေမှာ ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့ပြီး ဒေါ်မြကြည်မှာလည်း ဝမ်းဗိုက်အောက်ပိုင်းမှာ ထိုးသွင်းဒဏ်ရာ ရရှိခဲ့ကာ ဆေးကုသနေစဉ် ရရှိတဲ့ဒဏ်ရာ ပြင်းထန်မှုကြောင့် ၂ ယောက်စလုံး သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူ မနုနုထွေးကို ပင်းတယမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၄၅၈ နဲ့ ၃၂၆ တို့နဲ့ အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးထိန်းသိမ်းထား ပါတယ်။
ပင်းတယမြို့နယ်မှာ စလော့ဂိမ်း၊ ကျွဲဂိမ်းတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေ မကြာခဏ ဖြစ်ပွားနေသလို ခိုးမှု၊ ဓားပြတိုက်မှုတွေပါ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။