ရန်ကုန်တွင် စစ်မှုထမ်းအတွက် လူဖမ်းဆီးမှု ပြန်လည်မြင့်တက်
20 May 2026 by Ko Myo / MPA
ရန်ကုန်မြို့တွင် စစ်မှုထမ်းအတွက် လူဖမ်းဆီးမှုများ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
ဧပြီလအတွင်း ရန်ကုန်မြို့၌ စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူ ၃၂ဦးသာ ရှိခဲ့ရာမှ မေလ၁ရက်မှ ၁၇ရက်အတွင်း ဖမ်းဆီးခံရသူ ၃၅ဦးထက်မနည်း ရှိလာကြောင်း Rangoon Scout Network -RSN ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဧပြီလအတွင်း ဖမ်းဆီးမှု လျော့ကျသွားခြင်းနှင့်ပတ်သက်ပြီး “မင်းအောင်လှိုင်တို့အဖွဲ့ လူဝတ်လဲအစိုး ရ ဖွဲ့ခါစ ဖြစ်တာကြောင့်ရော၊ သင်္ကြန်ကို မစည် စည်အောင် စီစဉ်ခဲ့တာကြောင့်ရော ထိန်းလိုက်တာမို့ အဖမ်းအဆီးဖြစ်စဉ်တွေ သိရတာ နည်းသွားတယ် ထင်ပါ တယ်”ဟု RSN တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
မေလ၁၁ရက်မှ ၁၇ရက်အတွင်း အင်းစိန်၊ မြောက်ဒဂုံ၊ လှိုင်၊ တာမွေ၊ မြောက်ဥက္ကလာနှင့် သာကေတ မြို့နယ်တို့၌ မတရားဖမ်းဆီးခံရသူ ၂၄ဦးရှိပြီး ယင်းအနက် စစ်မှုထမ်းစာရင်းဖြင့် ဖမ်းဆီးခံရသူ ၉ ဦး၊ ဧည့်စစ်ပြီး ဖမ်းဆီးခံရသူ ၅ ဦးနှင့် လမ်းဘေးထိုင်နေသည်ဟုဆိုကာ ဖမ်းဆီးခံရသူ ၁၀ ဦးတို့ရှိ ကြောင်း RSN က ထုတ်ပြန်သည်။
“ရန်ကုန်မှာ စစ်မှုထမ်းဖမ်းတာတွေက ပိုအခြေအနေဆိုးလာပါတယ်။ သွားရင်းလာရင်း ကံဆိုးလို့၊ ကိုယ့်ဘက်က အနေအစားမတတ်လို့ ပေါ်တာဆွဲခံရတာက ထား။အခု ထပ်ဆိုးလာတာက စစ်မှုထမ်း စာရင်းထဲ ပါတယ်ဆိုပြီး အိမ်ပေါ် တက်ဖမ်းတာတွေပါ ရှိလာတာ ဆိုးတယ်။ရက်၁၀၀ စီမံချက်နဲ့ လုပ် နေသလားပဲ။ ကြာလာလေ ပေါ်တာဆွဲလို့ရတာ နည်းလာလေ စစ်မှုထမ်းစာရင်းနဲ့ အိမ်ပေါ်တက်ဆွဲ တာများလာဖို့ပဲ ရှိတယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPAသို့ပြောသည်။
ရန်ကုန်မြို့စွန်ရှိ အခြေခံလူတန်းစားများ နေထိုင်ရာရပ်ကွက်များတွင် စစ်မှုထမ်းစာရင်းဖြင့် ဆင့်ခေါ် ဖမ်းဆီးမှုမှာ ၂၀၂၅ခုနှစ်ကတည်းက ရှိခဲ့ပြီး ယခုအခါ လူလတ်တန်းစားရပ်ကွက်များ၌ပါ ပြုလုပ်လာ ကြောင်း ၎င်းက ဆိုသည်။
“အခု ဧည့်စာရင်းစစ်တာလည်း တောက်လျှောက်ရှိတယ်။ဧည့်စာရင်းမတိုင်ထားရင် ဖမ်းတယ်။ငွေ ညှစ်တယ်။ချက်ချင်း သိန်း၂၀၊၃၀ တောင်းတာရှိတယ်။မပေးနိုင်လို့ နောက်တစ်နေ့မနက်ရောက်ရင် ဈေးပိုကြီးသွားတယ်။မပေးနိုင်ရင် စစ်မှုထမ်းထဲပို့တယ်။နားစွန်နားဖျားကြားပြီး ပြောတာမဟုတ်ဘူး။ သေချာသိတာ”ဟု လှိုင်မြို့နယ်၊၂ရပ်ကွက်နေ အမျိုးသားကြီးတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်း မတရားဖမ်းဆီးခံရမှုမှာ ဇန်နဝါရီတွင် လူ ၈၀ ခန့်၊ ဖေဖော်ဝါရီတွင် ၆၀ ခန့် နှင့် မတ်လတွင် လူ ၁၀၀ ခန့် ရှိကြောင်း RSN တာဝန်ရှိသူက ပြောသည်။
ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းများစုစည်းရာ တယ်လီဂရမ်
ပုံစာ-စစ်မှုထမ်းသင်တန်းသားများကို အသုံးအဆောင်များ ထုတ်ပေးနေစဉ်။
စာတည်း-ကိုဆန်း
#ရန်ကုန် #စစ်မှုထမ်း #လူဖမ်းဆီးမှု #မြင့်တက် #MPA #Myanmar