ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြန်လည် ပြင်းထန်

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြန်လည် ပြင်းထန်
20 May 2026 By Hlaing / MPA
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြန်လည် ပြင်းထန်လာကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် များထံက သိရသည်။
၂၀၂၆ ခုနှစ်၊ မေ ၁၅ ရက်၌ စစ်အုပ်စု၏ ကချင်ပြည်နယ်၊ ဗန်းမော်အခြေစိုက် ထောက်ပို့တပ်ရင်း (အမှတ် – ၉၃၃)မှ KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ နေရာယူထားသည့် ကွန်ပျူတာတက္ကသိုလ် အနီးတစ်ဝိုက်သို့ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် စတင်ပစ်ခတ်ရာမှ တိုက်ပွဲ ပြန်လည်ပြင်းထန်လာ ခြင်း ဖြစ်သည်။
“ဗန်းမော်တိုက်ပွဲက ငြိမ်သွားလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေတာ။ တိုက်ပွဲတွေကတော့ ပြင်းတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲက အကြာရှည်ဆုံးပဲ။ တော်လှန်ရေးတပ်တွေဘက်က ကျဆုံးထိခိုက်ရှိသလို သိမ်းဆည်းရမိတာတွေလည်း ရှိပါတယ်။ စစ်တပ်ကလည်း အင်အားတွေ ဖြည့်ထားတော့ ပိုပြင်းထန် မယ့်သဘော ရှိပါတယ်” ဟု မြေပြင်အခြေအနေသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြော သည်။
ယခုရက်ပိုင်းအတွင်း စစ်အုပ်စု ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ၌ ဗန်းမော်မြို့သိမ်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရသည့် လက်နက်ခဲယမ်းများကို ဖော်ပြထားသည်။
မြစ်ကြီးနားမြို့တွင်လည်း စစ်အင်အားများရောက်ရှိနေသည့်အပြင် ဗန်းမော်မြို့နှင့် နယ်မြေချင်း ထိစပ်လျက်ရှိနေသည့် ရွှေကူမြို့တွင်လည်း နှစ်ဖက်တပ်များကြား တိုက်ပွဲများ ပြင်းထန်နေသည်။
“စစ်တပ်က ငါးအိုး၊ ရွှေကူကနေ ဗန်းမော်ဘက်ကို ကူးချင်တဲ့ပုံစံမှာ ရှိတယ်။ ရွှေကူမှာလည်း တိုက်ပွဲ ဆက်ဖြစ်နေတုန်းပဲ၊ မဘိမ်းဘက်ကတော့ ငြိမ်သေးတယ်။ KIA၊ ABSDF တို့ တခြားဒေသက တပ်ရင်း တွေလည်း ရှိတယ်” ဟု မဘိမ်းမြို့ ဒေသခံတစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှ စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ၂၀၂၆ ခုနှစ်၊ မေ ၂၀ ရက် အထိ နှစ်ဖက်တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်က အသေခံဒရုန်းများ၊ နည်းပညာအဆင့်မြင့်ဒရုန်းများ၊ မိတ္ထီလာ၊ တံတားဦး၊ မြစ်ကြီးနားလေတပ်တို့မှ Y – 8 ထောက်ပို့လေယာဥ်၊ Y – 12 လေယာဥ်နှင့် ဂျက်ဖိုက်တာများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
“ကျမတို့လည်း အိမ်ပြန်ချင်နေပြီ။ လိုင်းပေါ်မှာ ကြည့်ရသလောက်က တစ်မြို့လုံး ဘာမှကို မကျန်တော့ဘူး။ စစ်ရှောင်ရတာ အခက်အခဲတွေ အများကြီးရှိတယ်။ သူများမြို့မှာ နေရတာဆိုတော့ ကိုယ်က သူစိမ်းဆိုတော့ ပိုခက်ခဲတယ်” ဟု မန္တလေးမြို့သို့ စစ်ရှောင်လာသည့် ဗန်းမော်မြို့ခံအမျိုး သမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက်၌ စကခ ၂၁ ဌာနချုပ်သို့ စားနပ်ရိက္ခာ၊ လက်နက်နှင့် လူအင်အား လာရောက်ပို့ဆောင်သည့် စစ်တပ် ရဟတ်ယာဥ် ၃စင်းအနက် ၂စင်းကို ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) က ပစ်ချနိုင်ခဲ့သည်။
ဗန်းမော်မြို့သည် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၊ တရုတ်နယ်စပ်ဂိတ်တည်ရှိရာ လွယ်ဂျယ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် မြစ်ကြီးနားမြို့အပြင် အလယ်ပိုင်းရှိ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့လည်း ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သွားလာနိုင်သည့် ကချင်ပြည်နယ်၏ဒုတိယမြို့တော် ခရိုင်မြို့ ဖြစ်သည်။
ဓာတ်ပုံ – Banmaw Scout Team
ပုံစာ – KIA တပ်ဖွဲ့ဝင်အချို့နှင့် ပျက်စီးနေသည့် ဗန်းမော်မြို့တွင်းရှိ နေရာများ။
စာတည်း-ကိုဆန်း