ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် လူငယ်များ စိုးရိမ်

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် လူငယ်များ စိုးရိမ်
ယမင်းဖူးပွင့်အောင်
မဇ္ဈိမ။ ။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များမှာ စိုးရိမ်ထိတ်လန့်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ (မေလ ၁၈ ရက််)နံနက် ၅ နာရီခန့်က မင်္ဂလာဒုံမြို့နယ်အတွင်းရှိ လုံခြုံရေးအရ အမည်မဖော်လိုသော ရပ်ကွက််တခုတွင် စစ်မှုထမ်းရန်စာထွက်ထားပြီး မသွားသူများကို စစ်အုပ်စုတပ်က ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဖြစ်စဉ်သိရှိသူ အမျိုးသားတဦးက မဇ္ဈိမကိုပြောသည်။
“မနက် ၅ နာရီလောက် အိမ်ထဲထိဝင်ဆွဲတာတဲ့။ တော်တော်များတယ်လို့ပြောတယ်။ ပိုက်ဆံနဲ့လိုက်ထုတ်တာတောင် မရဘူးတဲ့။ ဆွဲခံရတဲ့သူတွေက စစ်မှုထမ်းဖို့ စာကျထားတာ မသွားတဲ့သူတွေ” ဟု ပြောသည်။
အဆိုပါဖြစ်ရပ်ကြောင့် ရပ်ကွက်အတွင်းရှိ လူငယ်များမှာ မိမိတို့အလှည့်ရောက်ရှိလာမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ရပ်ကွက်များတွင်လည်း ညတိုင်းနီးပါး ပေါ်တာဆွဲနေသည်ဟု ဒေသခံတဦးက ပြောသည်။
“ကားနဲ့ခေါ်သွားတာ။ အိမ်ထဲလည်း ဆွဲတယ်။ လမ်းပေါ်လဲဆွဲတယ်။ ညတိုင်းနီးပါးပဲ” ဟုဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်၊ လှိုင်မြို့နယ် စသဖြင့် မြို့နယ်အသီးသီးတွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေသည်ဟု Rangoon Scout Network ၏ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း -သန့်ဇော်(သန်လျင်)
ဓာတ်ပုံ – စစ်အုပ်စုတပ်သားများနှင့် ရဲ နှင့်အတူ ၎င်းတို့ ဖမ်းဆီးထားသည့် လူငယ်များကို တွေ့ရစဥ်။ (AFP)