မြန်မာအကြမ်းဖက်စစ်တပ်က အတိုက်အခံများနှင့် တစ်စားပွဲတည်းထိုင် ဆွေးနွေးရန် လိုလားလာဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုပြီး မလေးရှားက ကြားဝင်စေ့စပ်ရန် အဆင့်သင့်ရှိဟုဆို

မြန်မာအကြမ်းဖက်စစ်တပ်က အတိုက်အခံများနှင့် တစ်စားပွဲတည်းထိုင် ဆွေးနွေးရန် လိုလားလာဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုပြီး မလေးရှားက ကြားဝင်စေ့စပ်ရန် အဆင့်သင့်ရှိဟုဆို
ရန်ကုန်၊ မေ ၂၀

မြန်မာအကြမ်းဖက်စစ်တပ်က ယခင်က အတိုက်အခံအဖွဲ့အစည်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် လက်မခံခဲ့သော်လည်း လက်ရှိတွင် အုပ်စုအားလုံး တစ်စားပွဲတည်း၌ အတူတကွထိုင်၍ ဆွေးနွေးညှိနှိုင်းရန် လိုလားကြောင်း ထုတ်ဖော်ပြောဆိုလာသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတို ဆရီ မိုဟာမတ် ဟာဆန် (Datuk Seri Mohamad Hasan) က ပြောကြားသည်။
ယနေ့ နေပြည်တော်သို့ သွားရောက်ခဲ့သည့် နေ့ချင်းပြန် ခရီးစဉ်အပြီး မလေးရှားနိုင်ငံ ဆူဘန်းစစ်လေဆိပ်သို့ ပြန်လည်ရောက်ရှိချိန် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်တပ်က ဆန့်ကျင်နေသည့် အတိုက်အခံ အဖွဲ့အစည်းများအားလုံး တစ်နေရာတည်းတွင် ဆုံတွေ့ဆွေးနွေးနိုင်စေရန်အတွက် မလေးရှားနိုင်ငံအနေဖြင့် ကြားဝင်စေ့စပ်ပေးရန် အသင့်ရှိနေကြောင်း ၎င်းက ပြောဆိုသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့နိုင်ငံရေး ချဉ်းကပ်ပုံ ပြောင်းလဲလာနေသည်ဟု ပြောဆိုသည်။
“အရင်တုန်းကတော့ အတိုက်အခံတွေအကြောင်း ပြောရင် သူတို့ဘက်က လက်မခံချင်ကြဘူး။ ဒါပေမယ့် အခုအခါမှာတော့ အုပ်စုအားလုံး တစ်စားပွဲတည်းမှာ အတူတူထိုင်ပြီး ဆွေးနွေးညှိနှိုင်းဖို့ လိုလားတယ်ဆိုတာကို ထုတ် ဖော်ပြောဆိုလာကြပြီ ဖြစ်ပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ အရင်ကထက် ပိုမိုပွင့်လင်းလာတဲ့ သဘောထားမျိုး ပြသလာတာကို တွေ့ရပါတယ်”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မလေးရှားအနေဖြင့် နှစ်ဖက်စလုံးကို စားပွဲဝိုင်းပေါ်သို့ ခေါ်ဆောင်လာနိုင်ရန် ကူညီပေးရန် အသင့်ရှိနေသော်လည်း ယင်းချဉ်းကပ်ပုံကိုမူ အင်မတန်မှ သေသေချာချာ သတိထား၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
“မလေးရှားအနေနဲ့ သူတို့အပေါ် ဖိအားပေးနေတယ်ဆိုတဲ့ အမြင်မျိုးတော့ အဖြစ် မခံချင်ပါဘူး။ ဒါပေမယ့် စနစ် တကျနဲ့ ကောင်းကောင်းမွန်မွန် လုပ် ဆောင်နိုင်မယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ လက်ရှိပြသလာတဲ့ သဘောထားအသစ်ကြောင့် ပိုပြီးတော့ ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ အဆင့်တစ်ခုဆီကို ကျွန်တော်တို့ ရွှေ့လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။
နေပြည်တော်ခရီးစဉ်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပြည်သူများအပေါ် ကျူး လွန်နေသည့် အကြမ်းဖက်မှုများကို လျှော့ချနိုင်ရေးအတွက် လာမည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် လက်ရှိအပစ်အခတ်ရပ်စဲရေး သက်တမ်းကို အနည်းဆုံး နောက်ထပ် ၆ လခန့် ထပ်မံတိုးမြှင့်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
မြန်မာစစ်တပ်ကလည်း အဆိုပါ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးမြှင့်ရန် တောင်းဆိုချက်ကို ငြင်းဆန်ခြင်း မရှိခဲ့ဘဲ အပြုသဘောဆောင်သည့် လက္ခဏာရပ်များ ပြသခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။
ယမန်နေ့ နေပြည်တော်ခရီးစဉ်အတွင်း မြန်မာစစ်တပ်နှင့် တွေ့ဆုံဆွေးနွေး ဆန်း စစ်ခဲ့သည့် ရလဒ်များကို မလေးရှား အစိုးရအဖွဲ့ (Cabinet) ထံသို့ အစီရင် ခံစာ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။