ဖားကန့်မြို့နယ်၊ လုံးခင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် မီးလောင်ပြီး အမျိုးသမီး ၃ ဦးပွဲချင်းပြီးသေဆုံး

ဖားကန့်မြို့နယ်၊ လုံးခင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် မီးလောင်ပြီး အမျိုးသမီး ၃ ဦးပွဲချင်းပြီးသေဆုံး
ရန်ကုန်၊ မေ ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၁ လုံးမီးလောင်ပြီး အမျိုးသမီး ၃ ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်အချိန် လုံးခင်းရွာကို ဗျူဟာကုန်းရှိ အကြမ်းဖက် စစ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လုံးခင်း ရပ်ကွက် ၄ ရှိ နေအိမ် ၁ လုံးကို ထိမှန်ကာ မီးလောင်ခဲ့ကြောင်း၊ လက်နက်ကြီးကျရောက်သော နေအိမ်တွင် နေထိုင်သည့် အမျိုးသမီး ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“လက်နက်ကြီးကျရောက်ပေါက်ကွဲချိန်မှာ အဲဒီအိမ်မှာနေတဲ့ အမျိုးသမီး ၃ ဦး တစ်ခါတည်း ပွဲချင်းပြီး ဆုံးတယ်။ အဲဒီမှာ ၂ ဦးကတော့ သယ်လို့ရတယ်။ ကျန် ၁ ဦးကတော့ မီးလောင်သွားတော့ မီးငြိမ်းမှ သယ်ထုတ်ရတယ်။ မနေ့က တစ်ခါတည်းသဂြိုလ်ပါတယ်။” ဟုယင်းဖြစ်စဉ်တွင် ပါဝင်ကူညီပေးခဲ့သော ဖားကန့်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းရွာအတွင်း အကြမ်းဖက် စစ်သားများက စစ်ရေးလှုပ်ရှားနေသည့်အပြင် ဗျူဟာကုန်းမှ စစ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မေလ ၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ “မြဥယျာဉ်” ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ဆိုက်ထဲသို့ လေယာဉ်ဖြင့် ပထမအကြိမ် ဗုံးကျဲတိုက်ခဲ့ပြီး မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော် အနီးတဝိုက်၊ လုံးခင်း-မှော်စီစာ ကားကြီးပတ်လမ်းနှင့် ကုဋေအုပ်စု ဆက်သွယ်ထားသည့် လမ်းဆုံနေရာများကိုလည်း ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များနှင့် ဈေးဆိုင်များမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မေလ ၈ ရက်နှင့် ၁၀ ရက်နေ့တို့တွင်လည်း ဖားကန့်မြို့ မှော်စီစာရွာ ဘုရားကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင့် မှော်စီစာရွာ ဘုန်းကြီးကျောင်းနားတွင်ရှိနေသော ပြည်သူ ၁ ဦးကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ နမ့်မဖြစ်ရွာတွင်လည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စားသောက်ဆိုင်တစ်ဆိုင်ကို ဒရုန်းဗုံးကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁ ဦးသေဆုံးကာ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။