ပန်းတောင်း ကပစ ၁၆ အနီးအထိ AA နှင့် ပူးပေါင်းတပ်များ နီးကပ်လာ၍ စစ်တပ်မိသားစုဝင်များ စတင်ထွက်ပြေးနေ
ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်


ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီးသို့ အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များ စစ်ရေးအရ နီးကပ်စွာ ချဉ်းကပ်လာသည့်အတွက် စက်ရုံအတွင်းရှိ စစ်တပ်မိသားစုဝင်များ စတင်ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။
ကပစ-၁၆ စက်ရုံအတွင်းရှိ စစ်တပ်မိသားစုဝင်များ၊ ရဲမေများနှင့် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများကို ပြီးခဲ့သည့် မေ ၁၄ ရက်မှစတင်ကာ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) အတွင်းသို့ရွှေ့ပြောင်း ပေးနေရကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
“အခု ရွှေ့ပြောင်းတဲ့ကိစ္စကို တပ်မ (၇၇) က ဦးဆောင်ပြီး လုပ်ပေးနေတာပါ။ အဓိကကတော့ ရှေ့တန်းစခန်းတွေလိုမျိုး သုံ့ပန်းအဖြစ် အဖမ်းမခံရအောင် ကြိုတင်ပြီး ပြောင်းရွှေ့ခိုင်းနေတာလို့ သိရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် AA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ကပစ စက်ရုံအနီး ၃ မိုင်အကွာအထိ ချဉ်းကပ်ရောက်ရှိလာပြီး စက်ရုံအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြိမ်းခြောက်ထားနိုင်သည့် အခြေအနေကြောင့် ယခုကဲ့သို့ အလျင်စလို ပြောင်းရွှေ့မှုများ လုပ်ဆောင်လာခြင်း ဖြစ်သည်။
လက်ရှိ ပန်းတောင်းတပ်နယ်အတွင်းရှိ ကပစ-၁၆ နှင့် ညောင်ကျိုးကျေးရွာတစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ညောင်ခြေထောက်တွင် စစ်အင်အားများ အလုံးအရင်းဖြင့် စုဆောင်းကာ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ စစ်ကြောင်းများ ဆက်တိုက်စေလွှတ်နေသည်။
ထို့ပြင် တောင်ကုတ်ရိုးမပေါ်ရှိ ဆင်လန်စခန်းသို့ အရေးပေါ် စစ်ကူပို့ဆောင်ရမည့် အမှတ် (၆၀၁) ဒုံးတပ်ရင်း (ဒတရ-၆၀၁) မှ ဗိုလ်မှူးတစ်ဦး ထွက်ပြေးသွားခဲ့သည့်အတွက် ဥသျှစ်ပင်အနီး လဲရွာဗိုလ်ရုံဂိတ်တွင် အခြေပြုထားသည့် ကပစ-၅ ကမြိုင် ယမ်းချက်စက်ရုံမှ ဗိုလ်မှူးနှင့်အဖွဲ့ကို အင်အားဖြည့်တင်းရန် စီစဉ်နေရကြောင်း သိရသည်။
စစ်ရေးအရ အထိနာနေပြီး အင်အားဖြည့်တင်းရန် အသည်းအသန်လိုအပ်နေသည့် ရွေးတုအစိုးရစစ်တပ်သည် မသုန်အခြေစိုက် ကပစ-၁၆ နှင့် တောင်ကုတ်ရိုးမပေါ်ရှိ ဆင်လန်စခန်းတို့သို့ စစ်ယာဉ်တန်း ငါး စီးဖြင့် စစ်အင်အားနှင့် ခဲယမ်းများ ထပ်မံဖြည့်တင်းထားကြောင်း မြေပြင်သတင်းများအရ သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်၊ AA Info Desk