မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်တွင် သားဖြစ်သူ အောင်ပြည့်စုံ ရင်းနှီးမြှုပ်နှံထားသည့် ရတနာပုံမြို့သစ်စီမံကိန်းနှင့် ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးစည်ပင်ရေးအတွက် ဇောက်ချတွန်းအားပေးလုပ်နေ

မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်တွင် သားဖြစ်သူ အောင်ပြည့်စုံ ရင်းနှီးမြှုပ်နှံထားသည့် ရတနာပုံမြို့သစ်စီမံကိန်းနှင့် ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးစည်ပင်ရေးအတွက် ဇောက်ချတွန်းအားပေးလုပ်နေ
ရန်ကုန်၊ မေ ၁၇

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အတွင်း သားဖြစ်သူ အောင်ပြည့်စုံ ရင်းနှီးမြှုပ်နှံထားသော ပြင်ဦးလွင်မြို့နယ်၊ပြင်စာကျေးရွာအနီးရှိ ရတနာပုံမြို့သစ်စီမံကိန်းနှင့် ပြင်ဦးလွင်မြို့ ဖွံ့ဖြိုးစည်ပင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် ဇောက်ချတွန်းအားပေးလုပ်ဆောင်နေသည်။
ယမန်နေ့ မေလ ၁၆ ရက်နေ့ ပြင်ဦးလွင်နှင့်ရတနာပုံမြို့သစ်စီမံကိန်းကိုသွားရောက်ပြီး ပြင်ဦးလွင်မြို့ကို “ကျန်းမာရေးမြို့တော်” အဖြစ် ဖော်ဆောင်ရန် မူဝါဒချမှတ်ထားကြောင်း၊ ပြင်ဦးလွင်မြို့သည် ရာသီဥတုအေးချမ်းသာယာပြီး နေထိုင်ရန်ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သဖြင့် ကျန်းမာရေးမြို့တော်အပြင်၊ ကော်ဖီမြို့တော်၊ခရီးသွားမြို့တော်၊ ပန်းမြို့တော်နှင့် ချယ်ရီမြို့တော်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
ထို့ပြင် ပြင်ဦးလွင်နှင့် ရတနာပုံမြို့သစ်စီမံကိန်းမှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်သော ဇုန်များနှင့် ဒေသတွင်း၌ အသား၊ ငါး၊ ဥနှင့် ဥယျာဉ်ခြံသီးနှံများဖြစ်သည့် ထောပတ်၊ လိမ္မော်၊ မက္ကဒေးမီးယားတို့ကို တိုးမြှင့်ထုတ်လုပ်ရန်နှင့် စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း မင်းအောင်လှိုင်ကဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်းတွင်လည်း မင်းအောင်လှိုင်က သားဖြစ်သူနှင့် အပေါင်းအပါများ ဆောက်လုပ်ထားသော ပြင်ဦးလွင်မြို့ရှိ “သုမင်္ဂလာဈေး/စျေးဝယ်စင်တာ” ကို ဖွင့်လှစ်ပေးခဲ့သည်။
ယင်းအပြင် မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်း အမြန်ဆုံး ဖြစ်မြောက်လာစေရေး စီမံကိန်းဧရိယာအတွင်း သောက်သုံးရေ လုံလောက်စွာရရှိရေးနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား (Solar Power) ထုတ်လုပ်မှုလုပ်ငန်းများဖြင့် လျှပ်စစ်မီးဖြည့်ဆည်းပေးရန်၊ ထို့ပြင် ရတနာပုံမြို့သစ်စီမံကိန်းအတွင်း တည် ဆောက်မည့် အဆောက်အဦများကို ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ ဖြစ်ရမည်ဆိုသည့် အမိန့် ညွှန်ကြားမှုများ လုပ်ဆောင်သည်။
အထူးသဖြင့် ရတနာပုံမြို့သစ်အတွင်း ဒီဂျစ်တယ်၊ အိုင်တီ (IT) နှင့် အေအိုင် (AI) နည်းပညာများ တိုးတက်စေရေးအတွက် အကောင်အထည်ဖော်ရန်နှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအနေဖြင့်လည်း နည်းပညာဖွံ့ဖြိုးတက်မှုကို အထောက်အကူပြုမည့် ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကိုသာ ဆောင်ရွက်ရန်၊ ရတနာပုံမြို့သစ်ဝန်ထမ်းအိမ်ရာများ၊ သွားလာရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေစေရန်အတွက် စနစ်တကျ ရေးဆွဲထားသည့် မာစတာပလန် (Master Plan) အတိုင်းသာ ဆက်လက်အကောင်အထည်ဖော်သွားရန်ကိုလည်း မင်းအောင်လှိုင်က ဆိုသည်။
လက်ရှိတွင် ပြင်ဦးလွင်ရတနာပုံမြို့သစ်စီမံကိန်းသည် စစ်ခေါင်းဆောင်မိသားစုနှင့် ၎င်း၏အသိုင်းအဝိုင်းအတွက် စီးပွားရေးအမြတ်ထုတ်ရာနေရာ ဖြစ်နေပြီး၊ လုပ်ငန်းရှင်များအား အတင်းအဓမ္မ ရင်းနှီးမြှုပ်နှံခိုင်းခြင်းနှင့် ဒေသခံများအား ဖိနှိပ်ဖယ်ရှားခြင်းများဖြင့် အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးတွင် စစ်အာဏာရှင်ဟောင်း သန်းရွှေ ခေတ်နှင့် NLD အစိုးရခေတ်တွင် အောင်မြင်မှုမရှိဘဲ ရပ်ဆိုင်းခဲ့သော ရတနာပုံမြို့သစ်စီမံကိန်းကို မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို စီမံကိန်းနှင့်လုပ်ငန်း တင်ဒါအများစု လုပ်ပိုင်ခွင့်ချထားပေးပြီး စီမံကိန်း ပြန်လည် စတင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ လတ်တလော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် Expression Of Interest (EOI) ထားသော်လည်း စိတ်ဝင်စားသူ အလွန်နည်းပါးနေကြောင်း၊ ရတနာပုံမြို့သစ်စီမံကိန်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် မျှော်မှန်းထားသော်လည်း လက်တွေ့တွင် ဖြစ်မလာကြောင်း သိရှိရသည်။
လက်ရှိ ရတနာပုံမြို့သစ်စီမံကိန်းမှာ အကြမ်းထည် အဆင့်တွင်သာရှိသေးပြီး ရင်းနှီးမြှုပ်နှံသူများအပေါ် မူတည်၍ လူနေအိမ်ရာများ အကောင်အထည်ဖော်ဆောင်ရန် ၊ လမ်းဖောက်လုပ်ခြင်း၊ ရေရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ထားရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းတွင် နည်းပညာစက်မှု ဇုန်များကိုပါ ထည့်သွင်းသွားရန် စီစဉ်ထားခြင်းဖြစ်​ကြောင်း သိရှိရသည်။
ရတနာပုံမြို့သစ်စီမံကိန်းကို သန်းရွှေခေတ်တွင် ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့သော်လည်း မအောင်မြင်ဘဲ ရပ်နားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် မအောင်မြင်ဘဲ ဆက်လက်ရပ်ဆိုင်းခဲ့ပြီး အကြမ်းဖက် မင်းအောင်လှိုင်က ယင်းစီမံကိန်းကို သန်းရွှေခေတ်အချိန် စီမံကိန်းဒီဇိုင်းဖြင့် ပြန်လည် စတင်ခြင်းဖြစ်သည်။
မင်းအောင်လှိုင်က စီမံကိန်းကို ပြန်လည်စတင်ချိန် သားဖြစ်သူ အောင်ပြည့်စုံက မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်များရရှိထားပြီး မြေကွက်အများအပြားလည်း ရယူထားသည်။