နေပြည်တော်စစ်ရုံးချုပ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၏ နေအိမ်ဖောက် ထွင်းခံရမှုအတွက် အပြစ်မရှိသော အရပ်သားဝန်ထမ်း ဦးဝင်းမြင့်(ခ) ဦးမြင့်လေးကို ရိုက်နှက်သတ်ဖြတ်လိုက်ပြီး ပိုလီယိုသားဖြစ်သူနှင့်တူတို့ကို ထောင် ၈ နှစ်ချထား

နေပြည်တော်စစ်ရုံးချုပ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၏ နေအိမ်ဖောက် ထွင်းခံရမှုအတွက် အပြစ်မရှိသော အရပ်သားဝန်ထမ်း ဦးဝင်းမြင့်(ခ) ဦးမြင့်လေးကို ရိုက်နှက်သတ်ဖြတ်လိုက်ပြီး ပိုလီယိုသားဖြစ်သူနှင့်တူတို့ကို ထောင် ၈ နှစ်ချထား
🟥 သတ်ဖြတ်သူမှာ ဗိုလ်မှူး အောင်ကျော်မြင့်၊ တပ်ကြပ်ကြီး တင်ထွန်း၊ တပ် ကြပ်ကြီး ဇော်ဦး၊ တပ်ကြပ်ကြီး ကျော်မျိုးလွင်၊ တပ်ကြပ် အောင်ဆန်းဦး၊ ရဲဘော် အောင်အောင်နှင့် ရဲဘော် ဆန်းကိုတို့ဖြစ်သော်လည်း အရေးမယူဘဲ ဖုံးဖိထား
ရန်ကုန်၊ မေ ၁၇
နေပြည်တော်စစ်ရုံးချုပ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၏ နေအိမ်ဖောက်ထွင်းခံရမှုအတွက် ခိုးမှုကျူး လွန်သည်ဟု ပေါ်ပေါက်ခြင်းမရှိသော အရပ်သားဝန်ထမ်း ဦးဝင်းမြင့်(ခ) ဦးမြင့်လေးကို ရိုက်နှက်သတ်ဖြတ်လိုက်ပြီး ပိုလီယိုသားဖြစ်သူနှင့်တူတို့ကို ထောင်ဒဏ် ၈ နှစ်ချမှတ်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ကိုကိုဦး၏ နေအိမ်ဖောက်ထွင်းခံရမှုမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလခန့်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ္စည်းပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး၏ နေအိမ်အနီးတွင် နေထိုင်သည့် စစ်အင်ဂျင်နီယာတပ် – GE ၉၄၇ ဆောက်လုပ်ရေးတပ်မှ ရေ/မီးတာဝန်ခံ အရပ်သားဝန်ထမ်း ဦးဝင်းမြင့် (ခ) ဦးမြင့်လေး၊ ၎င်း၏ သားဖြစ်သူ ပိုလီယိုဝေဒနာရှင် ကျပ်မပြည့်သည့် လူငယ်နှင့် ဦးမြင့်လေး၏ တူဖြစ်သူ စုစုပေါင်း ၃ ဦးကို စခန်းရုံးမှ ဗိုလ်မှူး အောင်ကျော်မြင့်နှင့် အဖွဲ့က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးအိမ်မှ ပျောက်ဆုံးသွားသည့် ပစ္စည်းများထဲတွင် သိန်း ၁၀၀ ခန့် တန်ကြေးရှိသည်ဆိုသော အရက်ပုလင်းများလည်း ပါဝင်ပြီး ယင်းပစ္စညးများကို ဦးမြင့်လေးတို့ သားအဖ၊ တူဝရီးတို့က ခိုးယူသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ရုံးချုပ် စခန်းရုံးတွင် ဗိုလ်မှူး အောင်ကျော်မြင့်နှင့် ၎င်း၏ လက်အောက်ခံများဖြစ်ကြသည့် တပ်ကြပ်ကြီး တင်ထွန်း၊ တပ်ကြပ်ကြီး ဇော်ဦး၊ တပ်ကြပ်ကြီး ကျော်မျိုးလွင်၊ တပ်ကြပ် အောင်ဆန်းဦး၊ ရဲဘော် အောင်အောင်နှင့် ရဲဘော် ဆန်းကို တို့က ၂ ရက်ဆက်တိုက် မတရား ရိုက်နှက်ညှင်းပန်းနှိပ်စက်ကာ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ရိုက်နှက်စစ်ဆေးသည့်နည်းလမ်းများတွင် ၂ ရက်ဆက်တိုက် ရေလောင်း၍ တုတ်များဖြင့် ရိုက်နှက်ခြင်း၊ ရေကန်ထဲသို့ ခေါင်းနှစ်၍ ရေနစ်သတ်ရန် ကြိုးပမ်းခြင်း၊ ခါးတွင် အုတ်ခဲကို ကြိုးဖြင့်ဆွဲကာ တစ်ညလုံး ဒူးထောက်သွားခိုင်းခြင်း စသည့် လူမဆန်သော နည်းလမ်းများဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးသော်လည်း အရပ်သားဝန်ထမ်း ဦးဝင်းမြင့် (ခ) ဦးမြင့်လေးက ၎င်းတို့ ခိုးယူခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သော်လည်း စစ်ဆေးသူများက လက်မခံဘဲ ဆက်လက် ရိုက်နှက်စစ်ဆေးရာ ဦးဝင်းမြင့် (ခ) ဦးမြင့်လေးမှာ ရရှိသော ဒဏ်ရာများကြောင့် စစ်ကြောရေးနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။
ဗိုလ်မှူး အောင်ကျော်မြင့်နှင့် တပ်ကြပ်ကြီး တင်ထွန်းတို့အဖွဲ့က ၎င်းတို့၏ လက်လွန်သတ်ဖြတ်မှုကို ဖုံးဖိရန်အတွက် ဦးဝင်းမြင့်(ခ) ဦးမြင့်လေးသည် နှလုံးရောဂါအခံရှိ၍ အမောဖောက် သေဆုံးခြင်းဖြစ်ကြောင်း မိသားစုထံသို့ သတင်းပေးပြီး ဆရာဝန်ဆေးစာတွင်လည်း နှလုံးရောဂါကြောင့် သေဆုံးသည်ဟု သေစာရင်း ထုတ်ခိုင်းခဲ့ကြောင်း သိရှိရသည်။
ဦးဝင်းမြင့် သေဆုံးသွားပြီးနောက် ကျန်ရစ်သည့် ပိုလီယိုဝေဒနာရှင် သားဖြစ်သူနှင့် တူဖြစ်သူတို့ကို ထပ်မံစစ်ဆေးခဲ့သော်လည်း ခိုးယူကြောင်း အဖြစ်မှန် ပေါ်ပေါက်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း စစ်ရုံးချုပ် တာဝန်ရှိသူများက ၎င်းတို့၏ အမှားကို ဖုံးကွယ်ရန်အတွက် အပြစ်မဲ့သူ ၂ ဦးကို ပျဉ်းမနား ရေဆင်းရဲစခန်းတွင် မတရား ချုပ်နှောင်ကာ ခိုးမှုဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၈ နှစ်စီ ချမှတ်ခဲ့သည်။
လက်ရှိအချိန်တွင် သေဆုံးသူ ဦးမြင့်လေး၏ သားနှင့် တူဖြစ်သူတို့မှာ ရမည်းသင်းထောင်အတွင်း၌ ထောင်ဒဏ် ၈ နှစ်အထိ မတရား ကျခံနေရဆဲဖြစ်ပြီး နှစ်ဦးစလုံး ကျန်းမာရေး ဆိုးရွားနေကြောင်း သိရှိရသည်။
“အမှန်တကယ် စစ်ရုံးချုပ်ထဲမှာ လူကြီးအိမ်တွေကို လိုက်ခိုးနေတယ့် သူခိုးဂိုဏ်းအဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့က သူတို့ စခန်းရုံးက အရာရှိတချို့နဲ့ သူတို့ရဲ့ သားသမီးတွေပါပဲ။ သူတို့စခန်းရုံးက သူတွေပဲ အဖွဲ့လိုက် အိမ်တွေ လိုက်ဖောက်၊ ပစ္စည်းတွေ ခိုးနေကြပြီး ခိုးရာပါပစ္စည်းတွေကို သူတို့စခန်းရုံးက ကိုယ်ပိုင်ကားရှိတယ့် သူတွေ Taxi ကားတွေနဲ့ပဲ ခိုးထုတ်သယ်ယူသွားကြတာပါ။ အပျော်လို နောက်သလိုလိုနဲ့ အဲဒီလိုလုပ်နေကြတဲ့ လူငယ်အဖွဲ့ ရှိတယ်။ သေဆုံးသွားတဲ့ ဦးဝင်းမြင့်(ခ) ဦးမြင့်လေးနဲ့ အခု ထောင်ဒဏ်ချခံထားရတဲ့ ပိုလီယိုဝေနာရှင် သားနဲ့ တူတို့ရဲ့ အမှုက မတရားခံရပေမယ့်လည်း ဘယ်သူကမှ ရပ်တည်မပေးကြဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိအချိန်အထိ နေပြည်တော်စစ်ရုံးချုပ် စခန်းရုံးမှ စစ်ဗိုလ်ချုပ်များက အရပ်သားဝန်ထမ်း ဦးဝင်းမြင့် (ခ) ဦးမြင့်လေး သေဆုံးသွားခဲ့ရသည့် အမှုကို ဖုံးဖိထားကြပြီး၊ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ဗိုလ်မှူး အောင်ကျော်မြင့်နှင့် အပေါင်းပါများကို တစ်စုံတစ်ရာ အရေးယူခြင်း မရှိဘဲ ကာကွယ်ပေးထားဆဲ ဖြစ်သည်။
ယင်းအပြင် သေဆုံးသူ ဦးဝင်းမြင့်(ခ) ဦးမြင့်လေး၏ ဇနီးနှင့် မိသားစုများကိုလည်း စစ်အင်ဂျင်နီယာတပ်-GE ၉၄၇ တပ်မှ အလုပ်ထုတ်ပယ်ခဲ့ပြီး လိုင်းခန်းမှ နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။